top of page

ထရမ့်၏ အီရန်စစ်ပွဲကို ကန့်သတ်မည့် ‘စစ်ပွဲအာဏာဆုံးဖြတ်ချက်’ ကို ကန်အထက်လွှတ်တော် အတည်ပြု

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ International/ June 24, 2026


အမေရိကန်အထက်လွှတ်တော်က သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုများကို ကန့်သတ်ရန် ရည်ရွယ်သည့် War Powers Resolution ကို ဇွန်လ ၂၃ ရက်နေ့တွင် မဲ ၅၀-၄၈ ဖြင့် အတည်ပြုလိုက်ပြီး ထရမ့်အစိုးရအတွက် နိုင်ငံရေးအရ ထိုးနှက်ချက်အသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အရ ကွန်ဂရက်၏ ခွင့်ပြုချက်မရှိဘဲ အီရန်အပေါ် နောက်ထပ် စစ်ရေးတိုက်ခိုက်မှုများ မပြုလုပ်သင့်ကြောင်း ဖော်ပြထားပြီး ရီပတ်ဘလီကန် အမတ် ၄ ဦးဖြစ်တဲ့ Bill Cassidy, Susan Collins, Lisa Murkowski နဲ့ Rand Paul တို့က ဒီမိုကရက်များနှင့်အတူ ထောက်ခံမဲပေးခဲ့ကြပါတယ်။

အလားတူ ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်ကလည်း ဇွန်လအစောပိုင်းတွင် အတည်ပြုခဲ့ပြီးဖြစ်တာကြောင့် အီရန်စစ်ပွဲကို ကွန်ဂရက်နှစ်ရပ်စလုံးက ဆန့်ကျင်ကြောင်း ပြသတဲ့ သင်္ကေတဆန်တဲ့ လုပ်ရပ်တစ်ခုအဖြစ် မြင်ကြပါတယ်။ သို့သော် အဆိုပါဆုံးဖြတ်ချက်သည် သမ္မတထံ ပေးပို့ လက်မှတ်ရေးထိုးရမည့် ဥပဒေမဟုတ်သည့်အတွက် ဥပဒေအဖြစ် အသက်မဝင်သေးတဲ့ symbolic resolution, တိုက်ရိုက်ဥပဒေစွမ်းအား မရှိကြောင်း သိရပါတယ်။

အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer က ထရမ့်ရဲ့ အီရန်သဘောတူညီချက်သည် တီဟီရန်ကို အလွန်အကျွံ အလျှော့ပေးထားကြောင်း ဝေဖန်ခဲ့ပြီး “အီရန်က ဘာတွေရခဲ့တယ်ဆိုတာ သိသာပေမယ့် အမေရိကန်က ဘာပြန်ရခဲ့လဲဆိုတာ မရှင်းလင်းသေးဘူး” ဟု ပြောကြားခဲ့ပါတယ်။

အီရန်နှင့် လက်မှတ်ရေးထိုးထားသော ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာ (MoU) အပေါ် ရီပတ်ဘလီကန်အမတ်အချို့ကလည်း စိုးရိမ်မှုများ ထုတ်ဖော်ထားပြီး အီရန် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဒေါ်လာ ၃၀၀ ဘီလီယံနှင့် ယူရေနီယမ် သန့်စင်ခွင့်ဆိုင်ရာ အချက်များကို ဝေဖန်လျက်ရှိပါတယ်။

ထိုအတောအတွင်း ဒုသမ္မတ JD Vance သည် ဆွစ်ဇာလန်တွင် အီရန်အရာရှိများနှင့် နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နေပြီး ထရမ့်နှင့် ဗန့်စ်တို့က IAEA စစ်ဆေးရေးမှူးများကို အီရန်က ခွင့်ပြုမည်ဟု ပြောဆိုထားသော်လည်း တီဟီရန်ဘက်က အဆိုပါအချက်ကို ငြင်းဆိုထားပါတယ်။

တစ်ဖက်တွင် ကာကွယ်ရေးဝန်ကြီး Pete Hegseth က အီရန်စစ်ပွဲအပြီး စစ်လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပြန်လည်ဖြည့်တင်းရန် ကွန်ဂရက်ထံမှ ဒေါ်လာ ၈၀ ဘီလီယံ ထပ်မံတောင်းခံထားပြီး ထရမ့်အစိုးရက ယခုနှစ်အတွက် စုစုပေါင်း ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁.၅ ထရီလီယံအထိ တိုးမြှင့်ရန် ကြိုးပမ်းနေပါတယ်။


Source: Politico, C Span



 
 
 

Comments


bottom of page