top of page

ထန်တလန်မြို့ထဲမှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့ CDF-Thantlang က အသိပေးထုတ်ပြန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • 14 hours ago
  • 1 min read

VOC/ June 20, 2026


ချင်းပြည် ထန်တလန်မြို့မှာ ဇွန်လ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ဘက်က ဒဏ်ရာရ သေဆုံးမှုအများအပြားရှိခဲ့တယ်လို့ CDF-Thantlang က ပြောပါတယ်။

ထန်တလန်မြို့တွင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး CDF-Thantlang က မနေ့ဇွန်လ ၁၉ ရက်ညက အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အင်အား ၄၀၀ ဝန်းကျင်ဖြင့် ဇွန်လ ၄ ရက်နေ့က ဟားခါးမြို့ကနေ ထန်တလန်ဘက်ကို ကား ၄ စီးဖြင့် ထွက်လာခဲ့ပြီး ဟားခါး နဲ့ ထန်တလန်ကြားမှာ တစ်ပတ်ကြာ ကြားဖြတ်ပိတ်ဆို့ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ CDF-Thantlang ကဆိုပါတယ်။

အဲဒီနောက် ဇွန်လ ၉ ရက်ညနေပိုင်းမှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ထန်တလန်မြို့ထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီး၊ အသေခံဒရုန်း (Suicide Drone)တွေနဲ့ မျက်ရည်ယိုဗုံး (Tear Gas) တွေအသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Thantlang ပူးပေါင်းတပ်တို့က မိမိတို့ရဲ့စခန်းတွေကို အခိုင်အမာ ကာကွယ်စောင့်ရှောက်နိုင်ရန် အစွမ်းကုန် ကြိုးပမ်း နေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က သေဆုံး၊ ဒဏ်ရာရသူတွေရှိတဲ့အပြင် ၎င်းတို့အသုံးပြုနေတဲ့ အသေခံဒရုန်း ၅ စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိ ခိုက်ကျဆုံးမှုမရှိဘူးလို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်တွေ ထန်တလန်မြို့ထဲကနေ ပြန်လည်ထွက်ခွာလို့မရအောင် နဲ့ ပြည်သူလူထုကို ကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ CDF-Thantlang ကပြောပါတယ်။



 
 
 

Comments


bottom of page