တရုတ်- အမေရိကန် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ ထိုင်ဝမ်အရေး၊ အီရန်ပြဿနာနဲ့ ကုန်သွယ်ရေးကိစ္စများကို အဓိကဆွေးနွေး
- thevoiceofchinland
- May 14
- 1 min read
VOC/ May 14, 2026
တရုတ်သမ္မတ Xi Jinping ဟာ မေလ ၁၄ ရက်နေ့က အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံရာမှာ ထိုင်ဝမ်အရေးကို "ကောင်းမွန်စွာကိုင်တွယ်ခြင်း" မပြုလုပ်ပါက ပဋိပက္ခများဖြစ်လာနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။
နှစ်နိုင်ငံထိပ်သီးအစည်းအဝေးအတွင်းမှာ ခေါင်းဆောင်နှစ်ဦးဟာ နှစ်နာရီ ဆယ့်ငါးမိနစ်ကြာအောင် ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးပြဿနာများ၊ အီရန်စစ်ပွဲနဲ့ပတ်သတ်တဲ့သဘောထားများ၊ ထိုင်ဝမ်ပြဿနာများဆွေးနွေးခဲ့ကြပါတယ်။ တံခါးပိတ်အစည်းအဝေးအပြီးမှာ အိမ်ဖြူတော်က ရလဒ်ကောင်းမွန်ကြောင်းပြောဆိုခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာ သမ္မတ Xi နဲ့ သမ္မတကတော်တို့ကို အိမ်ဖြူတော်ကို အပြန်အလှန်ဖိတ်ကြားမယ်လို့ Trump က ပြောဆိုသွားပါတယ်။
ထိုင်ဝမ်အရေး
Trump နဲ့ Xi နှစ်ဦးစလုံးက ထိုင်ဝမ်အရေး ဆွေးနွေးခဲ့ခြင်းရှိမရှိ တိုက်ရိုက်ဖြေကြားခြင်းမရှိဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က Xi Jinping က “ထိုင်ဝမ်ကိစ္စဟာ တရုတ်–အမေရိကန် ဆက်ဆံရေးထဲမှာ အရေးအကြီးဆုံးကိစ္စဖြစ်တယ်။ မှန်ကန်စွာ ကိုင်တွယ်နိုင်ရင် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မယ်။ မဟုတ်ရင်တော့ ပဋိပက္ခတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်” လို့ Donald Trump ကို ပြောဆိုခဲ့ကြောင်း ဖော်ပြပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်ကို “ခွဲထွက်ပြည်နယ်” အဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံးပြန်လည်ပေါင်းစည်းမယ်လို့ မကြာခဏ ပြောဆိုထားပါတယ်။ အမေရိကန်ဘက်ကတော့ ထိုင်ဝမ်ကို စစ်ရေးအကူအညီ ဘီလီယံနဲ့ချီပေးထားပေမယ့်၊ တရုတ်နဲ့စစ်ဖြစ်ရင် ထိုင်ဝမ်ဘက်က တိုက်ရိုက်ကာကွယ်မလားဆိုတာကို တိတိကျကျ မပြောထားသေးပါဘူး။
စီးပွားရေးနဲ့ ကုန်သွယ်ရေး
နှစ်ဖက်စလုံးက ကုန်သွယ်ရေးအခွန်ကိစ္စမှာ အပြုသဘောဆောင်တဲ့ သဘောထားတွေ ပြသခဲ့ပြီး တရုတ်အစိုးရသတင်းဌာန Xinhua ရဲ့ဖော်ပြချက်အရ Xi Jinping က - “တရုတ်–အမေရိကန် စီးပွားရေးဆက်ဆံမှုဟာ နှစ်ဖက်စလုံး အကျိုးရှိစေတဲ့ ဆက်ဆံရေးဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
Xi က “ကုန်သွယ်ရေးစစ်ပွဲမှာ အနိုင်ရသူ မရှိဘူး” လို့ပြောဆိုခဲ့ပြီး အငြင်းပွားမှုတွေကို တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော်ဘက်ကတော့ အမေရိကန်ကုမ္ပဏီတွေကို တရုတ်ဈေးကွက် ပိုမိုဝင်ရောက်ခွင့်ပေးရေး၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်စက်မှုလုပ်ငန်းထဲ တိုးချဲ့ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
အီရန်နဲ့ Strait of Hormuz အရေး
အိမ်ဖြူတော်ရဲ့ ပြောကြားချက်အရ Trump နဲ့ Xi တို့ဟာ ဟော်မုဇ်ရေလက်ကြားကို စွမ်းအင်တင်ပို့မှုအတွက် ဖွင့်ထားရမယ်ဆိုတာ သဘောတူခဲ့ပြီး Xi Jinping က Strait of Hormuz ကို စစ်ရေးအသုံးချတာကို ကန့်ကွက်ကြောင်း၊ ရေလမ်းကြောင်းအသုံးပြုခ ကောက်ခံဖို့ ကြိုးစားတာတွေကိုလည်း မထောက်ခံကြောင်း နဲ့ တရုတ်နိုင်ငံအနေနဲ့ အီရန်ရေနံအပေါ် မှီခိုမှုလျှော့ချဖို့ အမေရိကန်ရေနံ ပိုမိုဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပါတယ်။ “အီရန်ဟာ နျူကလီးယားလက်နက် မပိုင်ဆိုင်သင့်ဘူး” လို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြပါတယ်။
အမေရိကန်ထိပ်သီးအမှုဆောင်အရာရှိချုပ်များ တက်ရောက် အမေရိကန်အမှုဆောင်အရာရှိအများအပြားကို တရုတ်နိုင်ငံကို နှစ်နိုင်ငံဆွေးတွေးပွဲကို တက်ရောက်လာကြပြီး Tesla CEO Elon Musk၊ Nvidia CEO Jensen Huang နဲ့ ရာထူးမှ နုတ်ထွက်တော့မယ့် Apple CEO Tim Cook တို့လို ပုဂ္ဂိုလ်တွေဟာ ဘေဂျင်းမြို့၊ ပြည်သူ့ခန်းမမှာ ကျင်းပတဲ့ ကြိုဆိုပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
Source - CBS News




Comments