top of page

တရုတ် နာမည်ကြီး စီးပွားရေးသမား ဘီလျံနာ Guo Wengui ဘီလီယံပေါင်းများစွာ လိမ်လည်မှုနဲ့ အမေရိကန်မှာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 2
  • 1 min read

VOC/ June 30, 2026


အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်များထဲမှ တစ်ဦးဖြစ်တဲ့ Guo Wengui ကို ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်မှုနဲ့ အမေရိကန်တရားရုံးက ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံမှ အမေရိကန်ကို ထွက်ပြေးခိုလှုံခဲ့ပြီး တရုတ်အစိုးရကို ဝေဖန်ခဲ့ပြီး တရုတ်အသိုင်းအဝိုင်းမှာ ကျော်ကြားခဲ့ပါတယ်။ သူ့ကို တရားမဝင်နည်းလမ်းများနဲ့ ငွေကြေးရှာဖွေမှု၊ လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှုများနဲ့ နယူးယောက်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

နယူးယောက်တရားရုံးတရားသူကြီး Analisa Torres က "Guo ဟာ တရုတ်နိုင်ငံက ဒီမိုကရေစီလိုလားသူတွေကို အခွင့်ကောင်းယူပြီး သူတို့ငွေတွေကို ဇိမ်ခံဘဝနဲ့နေဖို့ ရန်ပုံငွေအဖြစ် အသုံးပြုခဲ့တယ်" လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရှေ့နေ Sean S Buckley ကလည်း "Guo ဟာ သူ့ရဲ့ကိုယ်ပိုင်လောဘအတွက် ထောင်ပေါင်းများစွာသောလူတွေက သူ့ကိုပေးအပ်ထားတဲ့ယုံကြည်မှုကို အလွဲသုံးစား အသုံးချခဲ့တယ်"လို့ ပြောဆိုပြီး "ဒီနေ့ စီရင်ချက်က ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုဟာ သင့်ကို ဥပဒေအထက်မှာ မထားဘူးဆိုတာကို ပြသနေပါတယ်" လို့ ဆက်လက်ပြောဆိုသွားပါတယ်။

တရုတ်နိုင်ငံကနေ ထွက်ပြေးခင် Guo ဟာ အိမ်ခြံမြေလုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ခဲ့ပြီး နိုင်ငံရဲ့ အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒါပေမယ့် ထိပ်တန်း တရုတ်အရာရှိတွေက အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံရပြီးနောက် အမေရိကန်မှာ ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ cryptocurrency အစီအစဉ်တွေမှာ သူနဲ့အတူ ပူးပေါင်းခဲ့တဲ့ အွန်လိုင်းနောက်လိုက်တွေဆီကနေ Guo ဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ (ပေါင် ၇၆၀ သန်း) ကျော် ရရှိခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

သူရှာဖွေရရှိတဲ့ ငွေတွေကို Guo ရဲ့ ဇိမ်ခံဘဝပုံစံအတွက် ရန်ပုံငွေအဖြစ် အသုံးပြုခဲ့ပြီး အဲဒီထဲမှာ စတုရန်းပေ ၅၀,၀၀၀ ရှိတဲ့ အိမ်ကြီးတစ်လုံး၊ ဒေါ်လာ ၁ သန်းတန် Lamborghini တစ်စီးနဲ့ ဒေါ်လာ ၃၇ သန်းတန် ရွက်လှေတစ်စီး ပါဝင်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

Guo ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ရန်ပုံငွေတွေကို သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွက် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ သူသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးဟောင်း Steve Bannon အပါအဝင် တခြားတရုတ်နိုင်ငံအပေါ် ဝေဖန်သူများနဲ့လည်း ခင်မင်ရင်းနှီးသူဖြစ်ပါတယ်။


Source - BBC News, Time Magazine



 
 
 

Comments


bottom of page