top of page

တရုတ်က သူသျှိုမှုသံသယဖြင့် ဖမ်းထားတဲ့ ဦးမင်းဇင်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ISP Myanmar တောင်းဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

VOC/ June 17, 2026


တရုတ်အာဏာပိုင်တွေက သူလျှိုမှုသံသယဖြင့် ဖမ်းဆီးထားတဲ့ မြန်မာ့နိုင်ငံရေးသုတေသီ ဦးမင်းဇင်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကတောင်းဆိုလိုက်ပါတယ်။

ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်တွေက မှားယွင်းစွာဖမ်းဆီးထားခြင်း အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုတယ်လို့ ဒီကနေ့ရက်စွဲဖြင့် ISP Myanmar က ထုတ်ပြန်ပါတယ်။

ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်မယ့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ရန် သွားရောက်ချိန် မှာ သူလျှိုလုပ်မှု နဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ဘေးအန္တရာယ်ပြုစေမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ သံသယဖြင့် တရုတ်အစိုးရအာဏာပိုင်းတွေက ဇွန်လဆန်းပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရအာဏာပိုင်တွေရဲ့ အထောက်အထားမဲ့ အခြေအမြစ်မရှိသော စွပ်စွဲချက်မှန်သမျှကို ISP-Myanmar က အပြင်းအထန်ကန့်ကွက်ပြီး ငြင်းပယ်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ISP-Myanmar ဟာ လွတ်လပ်ပြီး ပါတီစွဲကင်းသော၊ အစိုးရမဟုတ်တဲ့ သုတေသနအဖွဲ့အစည်း (think tank)တခုသာ ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသောလူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်း လာစေရေး၊ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရေး နဲ့ နိုင်ငံ့အရေးမှာ နိုင်ငံသားများပါဝင်မှု အားကောင်းလာစေရေးတို့ ဦးတည်တဲ့အဖွဲ့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီဦးတည်ချက်တွေနဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွား ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အာရုံစိုက်ကာ မူဝါဒ ဆိုင်ရာသုတေသနတွေနဲ့ ဒေတာအချက်အလက်အခြေပြု ဆန်းစစ်ချက်တွေ ထုတ်ပြန်တာ၊ လူထုဆက်ဆံ ဆက်သွယ်ရေးနဲ့ ခေါင်းဆောင်အဆင့် ချဉ်းကပ်ဆွေးနွေးမှုတွေအပြင် အနာဂတ်မျိုးဆက်တွေအတွက် စွမ်းရည် မြှင့်တင်ရေးသင်တန်းတွေပို့ချတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ISP Myanmar အနေနဲ့ လွတ်လပ်သောသုတေသနအဖွဲ့အဖြစ် ဆက်လက်ရပ်တည်ကာ အများပြည်သူအကျိုးစီးပွား အတွက် အထောက်အကူပြုနိုင်သော သုတေသန အခြေပြု သုံးသပ်ချက်တွေနဲ့ ဆန်းစစ်ချက်တွေကို ဆက်လက် ထုတ်ဝေတင်ပြသွားမယ်လို့ဆိုပါတယ်။

ခြိမ်းခြောက်ဖိအားပေးမှုမခံရဘဲ လွတ်လပ်စွာသုတေသနပြုလေ့လာခွင့်ရနိုင်ရေးမှာ ISP-Myanmar အပါအဝင် ပညာရပ်ဆိုင်ရာနှင့် သုတေသနအဖွဲ့အစည်းတွေအတွက် အလွန်အရေးကြီးတယ်လို့လည်း ISP Myanmar က ထုတ်ပြန်ထားပါတယ်။



 
 
 

Comments


bottom of page