top of page

တွန်းဇံမှာ ZRA-EC က ဒေသခံတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ဟု ဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 30, 2026


ချင်းပြည် တွန်းဇံမြို့နယ် ဖွီတုန်ကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ Gelmual ရွာသားတစ်ဦးကို ZRA-EC တပ်ဖွဲ့က ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ CDF-Tonzang Supporters Group က ယနေ့ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့လက်ပါးစေဖြစ်တဲ့ ZRA-EC တပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၂၉ ရက်နေ့က ဖွီတုန်ကျေးရွာကို သွားရောက်ပြီး ပြည်သူတွေအသုံးပြုနေတဲ့ စတားလင့်အင်တာနက်တွေအကုန်ဖြုတ်သိမ်းခဲ့သလို Gelmual ကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့ Pa Thang Lam Khup ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“ ဖွီတုန်ရွာကိုသွားပြီး စတားလင့်တွေဖြုတ်သိမ်းတယ်ပြီးတော့ Pa Thang Lam Khup ကို ZRA တွေက ဘာကြောင့်ဖမ်းလဲမသိဘူး ရွာထဲကနေဖမ်းခေါ်သွားတာ တွန်းဇံမရောက်ခင်မှာ အသေသတ်လိုက်တယ်လို့ ကြားရတယ်” ဟု CDF-Tonzang Supporters Group တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ZRA-EC တပ်ဖွဲ့တွေက Pa Thang Lam Khup ကို တွန်းဇံလမ်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားစဉ် လမ်းမှာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး တွန်းဇံမြို့မဝင်ခင် Mawng Mual တောင်ကုန်းအရောက်မှာ သတ်ဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး VOC အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

ZRA-EC တပ်ဖွဲ့ဟာ အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီး CDF-Tonzang တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို မေလ တုန်းက ကျူးကျော်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တွန်းဇံမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေတယ်လို့သိရပါတယ်။

တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်မှာ ZRA-EC တပ်ဖွဲ့ဟာ သူတို့တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တီးတိန်မြို့နယ် တွီထန်းရွာသား Kap Lian Mang ကိုလည်း ဖမ်းဆီးကာ သေဒဏ်စီရင်ကွပ်မျက်ခဲ့တယ်လို့ ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။


Photo credit- CDF-Tonzang Supporters Group/



 
 
 

Comments


bottom of page