တီးတိန်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ကားတစ်စီးမီးလောင်၊ လက်နက်ခဲယမ်းတွေအကုန်ပျက်စီး
- thevoiceofchinland
- May 14
- 1 min read
VOC/ May 9, 2026
စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းဆီကို လက်နက်ခဲယမ်းတွေ ပို့ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားတစ်စီး မီးလောင်မှုဖြစ်ပွားကာ လက်နက်ခဲယမ်းတွေလည်းအကုန်မီးလောင်ပေါက်ကွဲ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒီကနေ့ မေလ ၉ ရက်နေ့မှာ တီးတိန်မြို့ လိုင်းလုံရပ်ကွက်အတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ခဲယမ်းတင် ဆောင်လာတဲ့ ဖောလန်းကားတစ်စီးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကားပေါ်မှာပါလာတဲ့ ကျည်ဆံ၊ ဗုံးသီး၊ ခဲယမ်းတွေ အားလုံးပျက်စီးသွားတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ရုပ်သံနဲ့တကွ ဖော်ပြလာပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကိုသိမ်းပိုက်ပြီးနောက် တီးတိန်မြို့ဘက်ကို ထိုးစစ်ဆင်လာပြီး ကလေးမြို့ကနေ စစ်အင်အား နဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတာဖြစ်ပါတယ်။
မေလ ၂ ရက်ကနေ ၆ ရက်နေ့အထိ တီးတိန် နဲ့ သိုင်းငင်းကြားမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ကြပြီး လေကြောင်းပစ်ကူတွေကြောင့် ချင်းပူးပေါင်းတပ်ဖွဲ့ဘက်က နောက်ဆုတ်ပေးခဲ့ရပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်ဟာ တီးတိန်မြို့အနီးက ကနေဒီတောင်ကို ထိန်းချုပ်ထားသလို မနေ့မေလ ၈ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ တီးတိန်မြို့ထဲကို ဝင်ရောက်လာပြီလို့သိရပါတယ်။
တီးတိန်မြို့ပေါ်မှာတော့ မြို့သိမ်းတိုက်ပွဲဖြစ်ပွားမယ်ဆိုတဲ့သတင်းကြောင့် ပြည်သူ ၈၀ ရာခိုင်နှုန်းကျော်လောက်ဟာ ကလေးမြို့၊ အိန္ဒိယ-မြန်မာနယ်စပ် နဲ့ ကျေးရွာဘက်ကို တိမ်းရှောင်နေကြပါတယ်။




Comments