top of page

တီးတိန်မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့သတင်းကြောင့် မြို့ခံပြည်သူအများစု တိမ်းရှောင်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ April 30, 2026


ချင်းပြည်မြောက်ပိုင်း တီးတိန်မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာ ကြောင့် မြို့ခံလူထုအများစုကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီလို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တီးတိန်မြို့မှာ ချင်းညီနောင်အဖွဲ့ဝင် PDF-Zoland တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးဖော်ဆောင်မယ်ဆိုပြီး ဧပြီလလယ်ပိုင်းကတည်းက သတင်းတွေထွက်ပေါ်နေပြီး မြို့လူဦးရေ ရဲ့ ၃ ပုံနှစ်ပုံလောက်ကတော့ ကြိုတင်တိမ်းရှောင်နေကြပြီလို့ ဒေသခံတွေထံကနေသိရပါတယ်။

တီးတိန်မြို့ခံအများစုကတော့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ကလည်း တီးတိန် မြို့နယ်အတွင်းက ကျေးရွာတွေကို ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိတဲ့ တီးတိန်မြို့ဟာ စစ်ရေး နဲ့ စီးပွားရေးအချက်အချာ ကျတဲ့မြို့ဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၉ တပ်ရင်းအခြေစိုက်ထားတဲ့မြို့ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့-ZRA-EC တပ်ဖွဲ့ဝင်တချို့ကလည်း ခလရ ၂၆၉ တပ်ရင်းထဲမှာ ဝင်ရောက်ပူးပေါင်းနေထိုင်နေတယ်လို့သိရပါတယ်။

ZRA-EC တပ်ဖွဲ့ဟာ ပြီးခဲတဲ့ ဧပြီလ ၁၉ ရက်နေ့ကကြေညာချက်ထုတ်ပြန်ပြီး တီးတိန်မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင် ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

မြို့သိမ်းတိုက်ပွဲသတင်းထွက်ပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး PDF-Zoland ဘက်ကတော့ တစ်စုံတစ်ရာ အသိပေးထုတ် ပြန်ခြင်းမရှိသေးပါဘူး။

PDF-Zoland တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မေလ ၂၆ ရက်နေ့က ချင်းညီနောင်စစ်ဆင်ရေးအမည်ဖြင့် တီးတိန်မြို့မှာ မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်ခဲ့ပေမယ့် စစ်ဆင်ရေးမအောင်မြင်ခဲ့ဘဲ အကြမ်းဖက် စစ်တပ်က တီးတိန်မြို့နာရီစင်နား က အိမ်ခြေ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။



 
 
 

Comments


bottom of page