တီးတိန်မြို့နယ် ဖူနွမ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့ရုပ်သံဖိုင်ကို စစ်တပ်လော်ဘီတွေ လူမှုကွန်ယက်မှာ ဖြန့်ဝေလာ
- thevoiceofchinland
- 6 days ago
- 1 min read
VOC/ May 7, 2026
ယခုမြင်တွေ့နေရတဲ့ ရုပ်သံဖိုင်ဟာ ချင်းပြည်၊ တီးတိန်မြို့နယ်၊ ဖူနွမ်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ဆိုပြီး စစ်တပ်လော်ဘီ Telegram တွေမှာ ဖော်ပြလာကြပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှု နဲ့ ပေါက်ကွဲမှုအနေအထားအရ အကြမ်းဖက်စစ်တပ်အသုံးပြုတဲ့ လက်နက်ဟာ တင့်ကားကျည် လို့ခေါ်တဲ့ သုံးဆင့်ကွဲ ခွင်းကျည်အမျိုးအစားတွေကိုအသုံးပြုခြင်းဖြစ်နိုင်တယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပါ တယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံတစ်ခုလုံးမှာ တစစီဖြစ်သွားတာကို ရုပ်သံဖိုင်မှာတွေ့ရပါတယ်။
ပေါက်ကွဲမှုရဲ့ ပြင်းအားနဲ့ ဖြစ်ပေါ်လာတဲ့ မီးခိုးလုံးပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် ဒါဟာ ပေါင် ၅၀၀ (500lb) ရှိတဲ့ လေယာဉ်တင်ဗုံး အမျိုးအစား ဖြစ်နိုင်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခြင်းဖြစ်နိုင်တယ်လို့လည်း လက်နက်အကြောင်းသိရှိသူတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့မေလ ၆ ရက်ညနေပိုင်းမှာ ဖူနွမ်ကျေးရွာထဲက AG ဘုရားကျောင်း နဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ ညနေစာအတွက် ချက်ပြုတ်နေတဲ့နေရာကို နှစ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် PDF-Zoland တပ်ဖွဲ့က အမျိုးသမီး ရဲဘော် ၅ ဦး၊ အမျိုးသားရဲဘော် ၂ ဦး နဲ့ ထမင်းချက် ပြုပေးနေတဲ့ ရွာသား ၃ ဦး စုစုပေါင်း ၁၀ ဦးတို့ ကျဆုံးခဲ့ရပါတယ်။




Comments