top of page

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ့နဲ့ တွေ့ဆုံရန်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 10
  • 1 min read

VOC/ June 10, 2026


တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့နဲ့ လာမယ့်ရက်ပိုင်းအတွင်းတွေ့ဆုံဖို့ရှိတယ်လို့ အာဆီယံအလှည့် ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီ မာရီယာ သီရီဆာ လာဇာရို (Ma. Theresa Lazaro) က ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ Nikkei သတင်းဌာနက ဒီနေ့ပြုလုပ်တဲ့အာရှဆိုင်ရာဆွေးနွေးပွဲ ဖိုရမ်ကို တက်ရောက်ချိန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်လာည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောလိုက်တာလို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို သိရှိနားလည်ရန်နဲ့ အဖြေရှာနိုင်ရေးအတွက် လာမယ့်ရက်ပိုင်းအတွင်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရန် ရည်ရွယ်ထားတယ်လို့ သူမကဆိုပါတယ်။

"ကျွန်မအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံပြီး အခြေအနေတွေကို စုံစမ်းဖို့နဲ့ ကျွန်မတို့ဘက်က တကယ်ပဲ ဘယ်လိုမျိုး ကူညီပေးနိုင်မလဲဆိုတာကို ရှာဖွေဖို့ ရည်ရွယ်ထားပါတယ်" လို လာဇာရိုက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ယခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က လာဇာရိုအား မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ် ထားတာဖြစ်ပါတယ်။

လာဇာရိုဟာ မည်သည့်တိုင်းရင်းသားအဖွဲ့တွေနဲ့ မည်သည့်နေရာမှာ တွေ့ဆုံမယ်ဆိုတာကိုတော့ အသေးစိတ် ထည့်သွင်း ပြောကြားခြင်း မရှိဘဲ "ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့" လို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချပြီး မတရားစစ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာ အာဆီယံကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက် ခွင့်ပိတ်ပင်ခဲ့ပါတယ်။

ယခုနှစ် ဧပြီလက အတုအယောင်ရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ အမည်ခံ အစိုးရသစ်တစ်ရပ် တက်လာပြီး နောက်ပိုင်းမှာ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းအဖြေရှာနိုင်ဖို့ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ ပါဝင်တဲ့ “Stakeholders' meeting) တစ်ခုကို မနီလာမြို့တွင် ကျင်းပခဲ့ကြပါတယ်။


Source- Reuters



 
 
 

Comments


bottom of page