တောင်ကိုရီးယား ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာမှုအပေါ် သမ္မတ ပြင်းထန်စွာ ဝေဖန်၊ KFA ကို စုံစမ်းစစ်ဆေးမည်၊ နည်းပြ ဟောင်မြောင်ဘို နုတ်ထွက်
- thevoiceofchinland
- Jun 30
- 1 min read
VOC/ Sports/ June 29, 2026
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် တောင်ကိုရီးယား လက်ရွေးစင်အသင်းနည်းပြ ဟောင်မြောင်ဘို (Hong Myung-bo) က ဇွန်လ ၂၉ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယားအသင်းဟာ အုပ်စု (A) မှာ ချက်ကီးယားကို အနိုင်ရခဲ့ပေမယ့် အိမ်ရှင် မက္ကဆီကိုနဲ့ တောင်အာဖရိကကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ၃ မှတ်သာ ရရှိခဲ့တာကြောင့် အကောင်းဆုံး အုပ်စုတတိယအသင်းများစာရင်းကနေပါ လွဲချော်ကာ ရှုံးထွက် ၃၂ သင်းအဆင့်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။
အထူးသဖြင့် တောင်အာဖရိကနဲ့ အဆုံးအဖြတ်ပွဲမှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် (Son Heung-min) ကို ပွဲထွက်လူစာရင်းကနေ ချန်ထားခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ဟောင်မြောင်ဘိုဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း “ရလဒ်ကို ကြိုသိခဲ့မယ်ဆိုရင် မတူညီတဲ့ ဆုံးဖြတ်ချက် ချမိမှာပါ။ အမှားလုပ်ခဲ့တာ ကျွန်တော့်တာဝန်ပါ” လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဟောင်မြောင်ဘိုက “ပြည်သူတွေ မျှော်လင့်ထားတဲ့ ရလဒ်ကို မပေးနိုင်ခဲ့တဲ့ တာဝန်အားလုံးကို ကျွန်တော်ပဲ ယူပါတယ်” လို့ ပြောကြားပြီး နည်းပြရာထူးကနေ နုတ်ထွက်ကြောင်း အတည်ပြုခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် (Lee Jae Myung) ကလည်း အသင်းရဲ့ ရလဒ်အပေါ် “အလွန် အံ့အားသင့်ပြီး နားမလည်နိုင်လောက်အောင် ဖြစ်ရတယ်” လို့ ပြောဆိုကာ နိုင်ငံရဲ့ အားကစားဝန်ကြီးဌာနကို လက်ရွေးစင်အသင်း စီမံခန့်ခွဲမှု၊ နည်းပြခန့်အပ်မှု လုပ်ငန်းစဉ်နဲ့ ကမ္ဘာ့ဖလားကျရှုံးရတဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးပြီး ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ရေးဆွဲဖို့ ညွှန်ကြားခဲ့ပါတယ်။
သမ္မတ လီကလည်း “အရည်အချင်းထက် သစ္စာခံမှုနဲ့ အုပ်စုလိုက်အကျိုးစီးပွားကို ဦးစားပေးပြီး အရည်အချင်းမပြည့်မီသူကို ခေါင်းဆောင်အဖြစ် ခန့်အပ်ရင် အခုလို ရလဒ်မျိုး ထွက်ပေါ်လာတာ မဆန်းဘူး” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ဟောင်မြောင်ဘိုဟာ ၂၀၂၄ ခုနှစ်က နည်းပြတာဝန် စတင်ယူခဲ့ပြီး တောင်ကိုရီးယားကို ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်လျှောက် ရှုံးပွဲမရှိ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာကြောင့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားနည်းပြသက်တမ်းကိုလည်း ရာထူးနုတ်ထွက်ခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
Source: ESPN




Comments