တိုက်ပွဲတွေရှိနေတဲ့ ကန်ပက်လက်မှာ စစ်တပ်က ၂ ရက်ဆက်တိုက်ဗုံးကြဲ
- thevoiceofchinland
- May 25
- 1 min read
VOC/ May 22, 2026
ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းကနေလည်း ၂ ရက်ဆက်တိုက်ဗုံးကြဲနေတယ်လို့သိရပါတယ်။
ယနေ့မေလ ၂၂ ရက် မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်မှာ မကွေးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ကန်ပက် လက်မြို့ပေါ်တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်သွားတယ်လို့ ချင်းတောင်ပိုင်းလေကြောင်း တိုက် ခိုက်မှုအခြေအနေကို စောင့်ကြည့်နေတဲ့ Hkl Mindat ကဖော်ပြပါတယ်။
ဒါ့အပြင် ယနေ့မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာလည်း တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီး က ကန်ပက်လက်မြို့ပေါ်တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မေလ ၂၁ ရက်နေ့ကလည်း မနက် ၆ နာရီ နဲ့ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ ကန်ပက်လက်မြို့ပေါ်တစ်နေရာကို အကြမ်း ဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ ကန်ပက်လက်မြို့မှာ ၂ ရက်အတွင်းမှာ လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ်ရှိပြီဖြစ်ပါတယ်။
ချင်း-မကွေးအစပ်မှာတည်ရှိတဲ့ ကန်ပက်လက်မြို့ဟာ ချင်းပြည်သူ့အစည်း အရုံး CPU/CPA အဖွဲ့ဝင် CDF-Kanpetlet က ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ယောဒေသ ဆောမြို့ကနေ မေလ ၁၇ ရက်နေ့ကစလို့ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးလာပြီး ကန်ပက်လက်မြို့အနီးမှာ မနေ့ကစလို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်မြောက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဖလမ်း နဲ့ တွန်းဇံမြို့ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ချင်းတောင်ပိုင်းက မင်းတပ် နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။







Comments