top of page

ဇွဲမလျှော့ဘဲ တော်လှန်ရေးခရီးရှေ့ဆက်ကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

  • Writer: thevoiceofchinland
    thevoiceofchinland
  • 6 days ago
  • 1 min read

VOC/ May 5, 2026


တော်လှန်ရေးခရီးဟာ ခဏလေးနဲ့ပြီးမဲ့ အပြေးပြိုင်ပွဲ မဟုတ်ဘဲ ပန်းတိုင်မရောက်မချင်း လျှောက်လှမ်းကြရမဲ့ ခရီး ရှည်ဖြစ်တာကြောင့် ဇွဲမလျှော့ဘဲ ရှေ့ဆက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီကနေ့မေလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ခုလိုတိုက်တွန်းပြောဆိုလာတာဖြစ်ပါတယ်။

“ ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ တော်လှန်ရေးခရီးဟာ ခဏလေးနဲ့ပြီးမဲ့ အပြေးပြိုင်ပွဲ မဟုတ်ဘဲ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း လျှောက်လှမ်းကြရမဲ့ ခရီးရှည်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီလိုခရီးမျိုးမှာ "ဘယ်သူက ပိုပြီးကြံ့ကြံ့ခံနိုင်မလဲ" "ဘယ်သူက ပိုပြီးဇွဲရှိမလဲ" ဆိုတဲ့အချက်ကပဲ အောင်ပွဲအတွက် အဓိကအဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ ခရီးက ရှည်လျားလွန်းတော့ လူဆိုတာ ပင်ပန်းတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ ပင်ပန်းလာတဲ့အခါ ခဏနားပါ၊ ဒါပေမဲ့ လမ်းဆုံးအထိ ဆက်လျှောက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို နားနေတာဟာ လက်နက်ချဖို့ မဟုတ်သလို၊ လမ်းခုလတ်မှာ ရပ်တန့်သွားဖို့လည်း မဟုတ်ပါဘူး။ အားအင်တွေ ပြန်ပြည့်လာပြီဆိုတာနဲ့ ရှေ့ကို ဆက်လျှောက်ရ မယ်ဆိုတဲ့ အသိစိတ်ကတော့ ရဲဘော်တွေနဲ့အတူ အမြဲရှိနေရမှာ ဖြစ်ပါတယ်”

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဟာ ဒီ ၅ နှစ်အတွင်း စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်တစ်ခုဖြစ်လာပြီး စစ်ရေးအောင်မြင်မှုတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာတော့ ပြည်သူတွေကို ကာကွယ်ဖို့ အတွက် နည်းဗျူဟာအရ ဆုတ်ခွာရတာတွေရှိခဲ့တယ်လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။

ရန်သူဟာ လက်နက်၊ လူအင်အားနဲ့ လေကြောင်းပစ်ကူတွေ အားသာနေချိန်မှာ တော်လှန်ရေး စိတ်ဓာတ်ကို ဖြိုလဲဖို့ သတင်းမှားတွေ၊ ဝါဒဖြန့်မှုတွေ နဲ့ အဆက်မပြတ်တိုက်ခိုက်နေတာကို သတိပြုရမှာဖြစ်ပြီး စစ်ပွဲတစ်ခုရဲ့ အဆုံး အဖြတ်ဟာ လက်နက်အင်အားထက် တိုက်ပွဲဝင်နေသူတွေရဲ့ မယိမ်းယိုင်တဲ့ ယုံကြည်ချက်အပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

တော်လှန်ရေး ခရီးစဉ်ဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေလည်း ပိုမိုကြီးမားလာနိုင်ပေမယ့် ပြည်သူလူထုရဲ့ မဆုတ် မနစ်တဲ့ ထောက်ခံပံ့ပိုးမှု၊ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ စည်းလုံး ညီညွတ်မှု၊ ရဲဘော်တို့ရဲ့ ဇွဲ၊ သတ္တိ၊ စိတ် ဓာတ်ခိုင်မာမှုတွေနဲ့အတူ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး၊ အားလုံးတန်းတူညီမျှမှုရှိတဲ့ "ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု" ကြီးကို မကြာမီကာလမှာ မလွဲမသွေ တည်ဆောက်နိုင်တော့မယ်လို့ အပြည့်အဝ ယုံကြည်တယ်လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောဆိုပါတယ်။



 
 
 

Comments


bottom of page