top of page

ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်လျက် စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 26, 2026


စစ်အာဏာရှင်တွေက ကြိုးပေးကွပ်မျက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်၊ ယုံကြည် ချက်နဲ့ ရပ်တည်ချက်တို့ကို ဆုပ်ကိုင်လျက် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကျောင်းသားသမဂ္ဂက ဒီကနေ့ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ဟာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်ဗိုလ်နေဝင်းက ကြိုးပေးကွပ်မျက်ခဲ့တာ နှစ် ၅၀ ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။

ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦးဟာ စစ်အာဏာရှင်စနစ်ကို ရဲဝံ့စွာဆန့်ကျင်တော်လှန်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ပြည်သူလူထုရဲ့အခွင့်အရေးအတွက် အသက်ပေးတိုက်ပွဲ ဝင်ခဲ့တဲ့ အာဇာနည်သူရဲကောင်းဖြစ်တယ်လို့ ချင်းကျောင်းသားသမဂ္ဂ-CSU Myanmar ရဲ့ ဒီကနေ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆလိုင်းတင်မောင်ဦးဟာ အင်းစိန်‌ထောင်မှာ ကွပ်မျက်ခံရမယ့်အချိန်မှာ “ မင်းတို့ ငါ့ခန္ဓကိုယ်ကို သတ်လို့ရရင်ရမယ့် ငါ့ခံယူချက်နဲ့စိတ်ဓာတ်ကိုတော့ ဘယ်တော့မှသတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူး မထောက်ဘူး” ဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။

စစ်အာဏာရှင်တွေကို ဒူးမထောက်တဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက် နဲ့ ရပ်တည်ချက်တွေဟာ ကျောင်းသား လူငယ်တွေရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေဆဲပဲလို့ ချင်းကျောင်းသားသမဂ္ဂကပြောပါတယ်။

ဆလိုင်းတင်မောင်ဦးကွပ်မျက်ခံရတာ ဒီကနေ့ဆိုရင် နှစ်ပေါင်း ၅၀ ရှိလာပြီဖြစ်ပေမယ့် မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်နိုင်ခြင်းမရှိသေးဘဲ အထူးသဖြင့် ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ကျောင်း သား လူငယ် ပြည်သူလူထုတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှု၊ မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု နဲ့ သတ်ဖြတ်မှုတွေ ကို ဆက်လက်ရင်ဆိုင်နေကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ သတ္တဗေဒ ကျောင်းသားဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉ ကျွန်းဆွယ် အားကစား ပွဲ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမားသပိတ်၊ ဦးသန့်အရေးခင်းနဲ့ ၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှုစတဲ့ လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင် လှုပ်ရှားခဲ့ပါတယ်။

သူဟာ ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှာလည်း ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်‌မြှောက်ခံခဲ့ရပါတယ်။

၁၉၇၆ ခုနှစ် မှိုင်းရာပြည့်လှုပ်ရှားမှုမှာ ဖမ်းဆီးခံရပြီးနောက် ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်‌နေ့မနက် ၄ နာရီမှာ စစ်အာ ဏာရှင်ဗိုလ်နေဝင်းက ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်‌ထဲမှာ လူမသိသူမသိ အတင်းအဓမ္မခေါ်ထုတ်ကာ ကြိုးပေး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။



 
 
 

Comments


bottom of page