top of page

ဆန်ဒီယေဂို ခရိုင်က ချင်းနှင့် မြန်မာရွှေ့ပြောင်းအခြေချများ အများအပြား လုပ်ကိုင်နေသည့် Sushi Franchise ကုမ္ပဏီများကို အလုပ်သမားအမြတ်ထုတ်မှုဖြင့် တရားစွဲ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

* တရားစွဲခံရသည့် ကုမ္ပဏီများတွင် Ace Sushi Franchise Corp.၊ Asiana Management Group၊ Advanced Fresh Concepts Franchise Corp.၊ Fujisan Franchising နှင့် Fuji Food Products တို့ ပါဝင်


VOC/ International/ June 21, 2026


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဒီယေဂို ခရိုင်အလုပ်သမားစံနှုန်းနှင့် ဥပဒေလိုက်နာမှုရုံး (OLSE) က ကုန်စုံဆိုင်များအတွင်း Sushi ကောင်တာများ ဖွင့်လှစ်လုပ်ကိုင်နေသော franchise ကုမ္ပဏီအချို့ကို အလုပ်သမားများအား အမြတ်ထုတ်ခဲ့သည်ဟု စွပ်စွဲကာ တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲခံရသည့် ကုမ္ပဏီများတွင် Ace Sushi Franchise Corp.၊ Asiana Management Group၊ Advanced Fresh Concepts Franchise Corp.၊ Fujisan Franchising နှင့် Fuji Food Products တို့ ပါဝင်ပါတယ်။

တရားစွဲဆိုချက်အရ Sushi စားဖိုမှူးများကို အမှန်တကယ် ဝန်ထမ်းများဖြစ်သော်လည်း “လွတ်လပ်သော Franchise လုပ်ငန်းရှင်များ (Independent Contractor Franchisees)” ဟု သတ်မှတ်ခဲ့ပြီး အနည်းဆုံးလုပ်ခ၊ အချိန်ပိုကြေး၊ နာမကျန်းခွင့်၊ အလုပ်သမားလျော်ကြေးနှင့် အနားယူချိန် စသည့် ဥပဒေအရ ရရှိသင့်သော အခွင့်အရေးများကို ရှောင်လွှဲခဲ့ကြောင်း စွပ်စွဲထားပါတယ်။

ထို့ပြင် အလုပ်သမားများကို သယ်ယူပို့ဆောင်ရေးစရိတ်၊ ပစ္စည်းကိရိယာ၊ ကုန်ကြမ်းနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် ကိုယ်တိုင်ကုန်ကျခံစေခဲ့ပြီး ကောင်တာများကို တစ်ပတ် ၇ ရက် ဆက်လက်ဖွင့်လှစ်နိုင်ရန် အချိန်ကြာမြင့်စွာ အလုပ်လုပ်စေခဲ့ကြောင်းလည်း တရားစွဲချက်တွင် ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံရှိ Sushi franchise လုပ်ငန်းများတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချလာသူများ၊ အထူးသဖြင့် ချင်းတိုင်းရင်းသားများ အပါအဝင် အာရှရွှေ့ပြောင်းအခြေချများစွာ လုပ်ကိုင်နေကြပြီး အချို့မှာ franchisee အဖြစ် လုပ်ငန်းဆောင်ရွက်နေကြတာကြောင့် ယခုအမှုကို မြန်မာနှင့် ချင်းအသိုင်းအဝိုင်းများက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါတယ်။

ဆန်ဒီယေဂို ခရိုင်ဘက်ကတော့ Sushi စားဖိုမှူးများသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ မဟုတ်ဘဲ လုပ်ငန်းလည်ပတ်မှု၊ အချိန်ဇယား၊ အစားအစာအရည်အသွေးနှင့် ထုတ်လုပ်မှုပမာဏများကို မိခင်ကုမ္ပဏီများက ထိန်းချုပ်ထားကြောင်း ဆိုပါတယ်။

အဆိုပါတရားစွဲမှုမှာ အလုပ်သမားတစ်ဦးက အလုပ်အကိုင်အခွင့်အရေးကာကွယ်ရေးအဖွဲ့သို့ တိုင်ကြားခဲ့ခြင်းမှ စတင်ခဲ့ပြီး၊ အနိုင်ရရှိပါက ကုန်စုံဆိုင်အတွင်း Sushi franchise များအပေါ် အမေရိကန်တစ်ဝန်းတွင် သက်ရောက်မှုကြီးမားလာနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေပါတယ်။


Source: San Diego County, NBC7 San Diego, Fox 5 San Diego



 
 
 

Comments


bottom of page