ဆာမူရိုင်းက တူနီးရှားကို ၄ ဂိုးပြတ်အနိုင်ယူ၊ ကာမာဒါရဲ့ ၄ မိနစ်ဂိုးက ဂျပန်အသင်းရဲ့ကမ္ဘာ့ဖလားအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်
- thevoiceofchinland
- Jun 25
- 1 min read
(Japan 4-0 Tunisia)
VOC/ Sports/ June 21, 2026
၂၀၂၆ ကမ္ဘာ့ဖလား Group F ပွဲစဉ်မှာ ဂျပန်အသင်းက တူနီးရှားအသင်းကို ၄-၀ ဂိုးဖြင့် အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။
ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၁,၀၀၀ မြောက်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဒီပွဲမှာ ဂျပန်အသင်းက အစကတည်းက အသာစီးယူကစားခဲ့ပြီး ဒိုင်ချီ ကာမာဒါက ၄ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးဟာ ဂျပန်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အယာဆဲ အူအဲဒါက နှစ်ဂိုးသွင်းယူခဲ့ပြီး ဂျွန်ယာ အီတိုကလည်း တစ်ဂိုးထပ်မံသွင်းယူကာ ဂျပန်ရဲ့ ၄-၀ ဂိုးပြတ်အောင်ပွဲကို အပြီးသတ်ပေးခဲ့ပါတယ်။
ထူးခြားချက်တစ်ခုအနေနဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင် Patron ဖြစ်သူ တာကာမဒို မင်းသမီး ဟီဆာကို (Princess Hisako of Takamado) ဟာ ကမ္ဘာ့ဖလားသမိုင်းဝင် ၁,၀၀၀ မြောက်ပွဲကို မက္ကဆီကိုနိုင်ငံ မွန်တာရေးမြို့အနီး Guadalupe မှာ ကိုယ်တိုင်တက်ရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၁၈ ရှိ ဂျပန်အသင်းဟာ ဒီနိုင်ပွဲနဲ့ Group F တွင် ၄ မှတ်ရရှိသွားပြီး နယ်သာလန်အသင်းနဲ့ အမှတ်တူ ရပ်တည်နေပါတယ်။ ထို့အပြင် အိမ်ရှင်မဟုတ်ဘဲ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားများတွင် ဒုတိယပွဲစဉ်အနိုင်မရခဲ့တဲ့ ခြောက်ကြိမ်ဆက် မှတ်တမ်းကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ နှစ်ပွဲဆက်ရှုံးပြီး ကိုးဂိုးအထိ ပေးထားရတဲ့ တူနီးရှားအသင်းဟာ အုပ်စုအဆင့်ကနေ ထွက်ခွာရတဲ့ ပထမဆုံးအသင်းများထဲမှ တစ်သင်းဖြစ်လာခဲ့ပါတယ်။ ဂျပန်အသင်းက နောက်ဆုံးအုပ်စုပွဲတွင် ဆွီဒင်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တူနီးရှားကတော့ နယ်သာလန်အသင်းနဲ့ တွေ့ဆုံကစားရမှာ ဖြစ်ပါတယ်။
Source: X, ESPN




Comments