စစ်အာဏာရှင်မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုတဲ့အမှု တီမောနိုင်ငံ ပထမအဆင့်တရားရုံးကို တင်သွင်းပြီ
- thevoiceofchinland
- May 4
- 1 min read
VOC/ May 4, 2026
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က စစ်အာဏာရှင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူး လွန်တဲ့ ရာဇဝတ်မှုတွေအတွက် စွဲဆိုထားတဲ့အမှုကို တီမောလက်စ်တေ နိုင်ငံရဲ့ ပထမအဆင့်တရားရုံးထံ တရားဝင်အမှုတင်သွင်းလိုက်ပြီလို့ CHRO က ဒီကနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် အကြမ်းဖက်စစ်တပ်အရာရှိ ၁၀ ဦးကျော်ကို ချင်းပြည်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ CHRO က တီမောလက်စ်တေနိုင်ငံမှာ ယခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး တီမောလက်စ်တေးနိုင်ငံက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အမှုလက်ခံဖွင့်ဆိုခဲ့ပြီးနောက် ယခုအခါ တီမောလက်စ်တောရဲ့မြို့တော် ဒီလီမြို့က ပထမအဆင့် တရားရုံး (Court of First Instance) ထံ တရား စီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန်အတွက် တရားဝင် တင်သွင်းလိုက်တာဖြစ်ပါတယ်။
CHRO ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက “ဟိတ်ဂ်မြို့က နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရတဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့ တီမောအာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြီးအကျယ် ကျူးလွန်ခြင်းခံနေရတဲ့ ချင်းလူမျိုးတွေဟာ မုဒိမ်းကျင့်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေလိုမျိုး ဆိုးရွားတဲ့ရာဇဝတ်မှုတွေခံစားခဲ့ရတဲ့ သမိုင်းကြောင်းတူညီတဲ့ တီမောပြည်သူတွေရဲ့ ထောက်ခံမှုကို မျှော်လင့်နေပါ တယ်လို့လည်း ဆလိုင်းဇာအုပ်လိန်းကပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ဟာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်း ၁၀ ဦးကျော်ကို ချင်းပြည်နယ်က ကိုယ်ဝန်ဆောင် အမျိုး သမီးတစ်ဦးကို အုပ်စုလိုက်မုဒိမ်းကျင့်မှုဖြစ်စဉ်၊ ဂျာနယ်လစ်တစ်ဦး နဲ့ ၁၃ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် လူ ၁၀ ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်၊ ခရစ်ယာန်သိက္ခာတော်ရဆရာတော် ၁ ပါး နဲ့ သင်းထောက် ဆရာတော် ၃ ပါးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု ဖြစ်စဉ်၊ အရပ်ဖက်စစ်ဖက်ခွဲခြားမှုမရှိဘဲ အရပ်ဘက်ပြည်သူ့ဆေးရုံ တွေ၊ ဘုရားကျောင်းတွေကို လက်နက်အင်အားအလွန်အကျွံအသုံးပြုပြီး ပြင်းထန်စွာလေကြောင်းတိုက်ခိုက်ခဲ့ တဲ့ဖြစ် စဉ်တွေနဲ့ ပတ်သက်ပြီး တီမောလက်စ်တေနိုင်ငံက ပြည်သူ့အစိုးရရှေ့နေရုံးမှာ ဇန်နဝါရီ ၁၂ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့တာဖြစ် ပါတယ်။
ဒါဟာ အရှေ့တောင်အာရှ အာဆီယံထဲက အဖွဲ့ဝင်နိုင်ငံတစ်ခုက နောက်အဖွဲ့ဝင် နိုင်ငံတစ်ခု အရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အမှုလက်ခံ ဖွင့်လှစ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်စစ်တပ်က တီမော လက်စ်တေနိုင်ငံအပေါ် အမျက်ဒေါသထွက်နေခဲ့ပြီး သံရုံးတာဝန်ခံကိုလည်း မြန်မာနိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။
တီမောလက်စတေးနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကိုလက်ခံကျင့်သုံးတဲ့နိုင်ငံ ဖြစ်တာကြောင့် ချင်းလူ့အခွင့်အရေးအဖွဲ့က တိုင်းကြားခဲ့တာဖြစ်ပြီး ဒီရာဇဝတ်မှုအရေးယူမှုဖြစ်မြှောက်လာစေရေး အတွက် Myanmar Accountability Project ကလည်း ဝိုင်းဝန်းကူညီပံ့ပိုးခဲ့တယ်လို့သိရပါတယ်။
Myanmar Accountability Project ဒါရိုက်တာ Chris Gunness က "ဒီအာဏာရှင်ဟာ သမ္မတနန်းတော်မှာ မဟုတ်ဘဲ ထောင်ထဲမှာပဲ ရှိသင့်ပါတယ်" လို့ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း စစ်အာဏာရှင် မင်းအောင်လှိုင်ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲဖို့ အသက်ဘေးက လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတယောက်နဲ့ အင်ဒိုနီးရှား ထင်ရှားကျော်ကြားသူ ၁၀ ယောက်တို့က လုပ်ဆောင်နေ ပါတယ်။




Comments