စစ်သားဘဝ ရခဲပြီး ဂုဏ်ယူစွာထမ်းဆောင်ကြဖို့ အကြမ်းဖက်တပ်ချုပ်ရဲဝင်းဦးပြော
- thevoiceofchinland
- May 14
- 1 min read
VOC/ May 9, 2026
စစ်သားဘဝက ရခဲတဲ့အတွက် ဂုဏ်ယူစွာတာဝန်ထမ်းဆောင်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုလိုက်ပါတယ်။
မနေ့က နေပြည်တော် ဇေယျာသီရိဗိမာန်ခန်းမကျင်းပတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
စစ်သား ဇနီး၊ မယားတွေအနေနဲ့လည်း ဂုဏ်ယူစွာဖြင့် ပါရမီဖြည့်ဖက်ကောင်းတွေဖြစ်အောင် ကြိုးစားကြဖို့လိုအပ် တယ်လို့ တပ်ချုပ်ကပြောပါတယ်။
စစ်သားတွေဟာ သစ္စာရှိဖို့ အထူးလိုအပ်ပြီး သစ္စာပျက်ရင် ဘေးအန္တရာယ်ဖြစ်မယ် လို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ ရှေ့တန်းစစ်မြေပြင်မှာ အထိနာပြီး သေဆုံးမှုများ နေသလို တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်ချအလင်းဝင်တဲ့သူ ပိုပိုများတာတဲ့ အချိန်မှာ တပ်ချုပ်အသစ်က ခုလိုပြောဆိုလာတာဖြစ်ပါတယ်။
ဒါ့အပြင် ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စနဲ့ မူးယစ်ဆေးဝါးကိစ္စတွေက ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုတွေဖြစ်တယ်လို့ ပြောပါတယ်။
အထက်အောက်ဆက်ဆံရေးမှာ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်တင်ပြဖို့အရေးကြီးပြီး အခြေအနေမှန်ကို တင်ပြနိုင်မှ မှန်ကန်စွာဆုံးဖြတ်နိုင်မယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုသွားပါတယ်။
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကနေလာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်ဦးဟာ ယခုနှစ်မတ်လ ၃၀ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၁၅ နှစ်ကြာ ရယူထားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ မတ်လ ၃၀ ရက်နေ့က လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။




Comments