စစ်တပ်ရဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ရိုက်ချိုးဖို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှုဆောင်ရွက်မည်
- thevoiceofchinland
- Jun 16
- 1 min read
VOC/ June 15, 2026
ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့မှာ တနိုင်ငံလုံးအတိုင်း အတာဖြင့် နှင်းဆီလှုပ်ရှားမှု ဆောင်ရွက်သွားမယ်လို့ အထွေထွေ သပိတ်ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (GSCB) ကထုတ်ပြန် ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ဟန်ပြနိုင်ငံရေး လုပ်ငန်းစဉ်တွေကို တန်ပြန်ဖိအားပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မယ့် "နှင်းဆီလှုပ်ရှားမှု - ROSE Movement: Roses of Hope" ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ တစ်ခဲနက် ဆင်နွှဲသွားမယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးသော နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးဖြစ်ပြီး အွန်လိုင်းနှင့် မြေပြင်အပြင်၊ မိမိဒေသနဲ့ ရန်သူ့ဒေသပါမကျန် အသွင်သဏ္ဍာန်မျိုးစုံဖြင့် ဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ယခုလှုပ်ရှားမှု ကို Proof of Life ကမ်ပိန်းနှင့်လည်း အတူပူးတွဲပြီး လှုပ်ရှားစည်းရုံးသွားမယ်လို့ အသိပေးထားပါတယ်။
ပြည်သူလူထုအနေဖြင့် ဇွန်လ (၁၉) ရက်နေ့မှာ မိမိတို့ သက်ဆိုင်ရာ ဒေသနဲ့ လုံခြုံရေးအခြေအနေအပေါ်မူတည်ပြီး နှင်းဆီပန်း ဒါမှမဟုတ် လက်လှမ်းမီရာ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်း တို့ဆောင်ရွက်ရန်ဖြစ်ပါတယ်။
ဒါ့အပြင် လူမှုကွန်ရက် (Online) စာမျက်နှာတွေပေါ် ဓာတ်ပုံတင်ခြင်း နဲ့ မြေပြင် လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဆန္ဒပြ ခြင်းတို့မှာပါဝင်နိုင်တယ်လို့ ဖော်ြပပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတကာနှင့် ဒေသတွင်း ဖိအားတွေကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ကိုလွှတ်ပေးမှုရှိ ပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းခြင်း၊ သမ္မတဦးဝင်းမြင့်ကို စောင့်ကြည့်ထိန်းချုပ်ခြင်းတို့ဖြင့် လှည့်စားနေသလို နိုင်ငံရေးအကျဉ်းသားများကို အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့် မပေးဘဲ နိုင်ငံရေးဓားစာခံများအဖြစ် အသုံးချ ကစားနေတယ်လို့ အထွေထွေ သပိတ်ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ ကဆိုပါတယ်။
အခြားတစ်ဖက်မှာလည်း စစ်အုပ်စုဟာ တရားဝင်မှုနှင့် တည်ငြိမ်မှုရရှိရန် ဟန်ဆောင်နေသော်လည်း လက်တွေ့မှာ အကျင့်ပျက်ချစားမှုများ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုတွေနဲ့အတူ ပြည်သူကို ဥပဒေမဲ့ ဖိနှိပ်ခေါင်းပုံဖြတ်လျက်ရှိတယ်လို့ ဆိုပါတယ်။
စစ်အင်အား ပြန်လည်ဖြည့်တင်းရန်အတွက် မြို့ပေါ်နှင့် ကျေးလက်ဒေသတွေမှာ လူငယ်၊ လူရွယ်တွေကို ရုတ်ပျက် ဆင်းပျက် ဖမ်းဆီးကာ အဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ ပြည်သူ့စစ် (ပစ) အဖြစ် ရှေ့တန်းမှာ အသေခံခိုင်းခြင်းများကို ပြုလုပ်ပြီး ၎င်းတို့ရဲ့ အာဏာသက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းနေတယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် အတွင်းမီး၊ အပြင်မီး ဝိုင်းနေတဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလွန် အရပ်သား စစ်တစ်ပိုင်း အာဏာရှင် တည်ဆောက်ရေး ကြိုးပမ်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ရိုက်ချိုးဖို့ "နှင်းဆီလှုပ်ရှားမှု" ကြီးမှာ ပြည်တွင်းပြည်ပ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်ကြဖို့ အထွေထွေ သပိတ်ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ က တိုက်တွန်းနှိုးဆော်ထားပါတယ်။






Comments