စစ်ကိုင်းမြို့နယ် တလိုင်းရွာ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါအဝင် အရပ်သား ၈ ဦးသေဆုံး
- thevoiceofchinland
- Jun 30
- 1 min read
VOC/ June 29, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တလိုင်း(ထီးလိုင်) ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ ကလေး ငယ် ၄ ဦးအပါအဝင် ဒေသခံ ၈ ဦးသေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်း ထုတ်ပြန် ထားပါတယ်။
မနေ့ ဇွန်လ ၂၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ တလိုင်းရွာအရှေ့ဖျားကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်နဲ့ အသက် ၈ နှစ်အရွယ်ဝန်းကျင်ရှိ အမည်မသိ ကလေးငယ် ၂ ဦး၊ အသက် ၆ နှစ်အရွယ် မဂျူးဂျုး၊ အသက် ၁၄ နှစ် မောင်ဟန်လင်းထက် ၊ အသက် ၂၀ နှစ်အရွယ် မောင်နိုးနိုး ၊ အသက် ၅၀ နှစ် ဒေါ်သင်း ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ဝင်း ၊ အသက် ၄၀ အရွယ် မသန်းသန်းစိုး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အခြားပြည်သူ ၂၀ ခန့်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးပျက်စီးခဲ့တယ်လို့သိရပါ တယ်။
အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်တဲ့နေရာဒေသတွေကို လေကြောင်း တိုက်ခိုက်မှုတွေဆက်တိုက်ပြုနေပြီး အပြစ်မဲ့ပြည်သူတွေ နေ့စဉ်နဲ့အမျှသေဆုံးနေကြရတာဖြစ်ပါတယ်။






Comments