top of page

ဂိုး၁၅ ကြိမ်ကာကွယ် နိုင်ခဲ့တဲ့ ဂိုးသမား Eloy Room လက်စွမ်းကြောင့် ကူရာဆာအို ပထမဆုံး ကမ္ဘာ့ဖလားအမှတ်ကို ရယူ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

(Curaçao 0-0 Ecuador)


VOC/ Sports/ June 21, 2026


ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဂျာမနီကို ၇-၁ ဂိုးနဲ့အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ကူရာဆာအိုအသင်းဟာ တစ်ပတ်အကြာမှာတော့ အီကွေဒေါအသင်းကို ၀-၀ ဂိုး သရေကစားပြီး နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားအမှတ်ကို ရယူနိုင်ခဲ့ပါတယ်။

 အသက် ၃၇ နှစ်အရွယ် ဂိုးသမား အယ်လိုင်း ရုမ်း ဟာ အီကွေဒေါရဲ့ ဂိုးပေါက်တည့် ကန်ချက် ၁၅ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားတွင် အမေရိကန်ဂိုးသမား တင်မ် ဟောင်းဝပ် (Tim Howard) စိုက်ထူခဲ့သည့် Save ၁၆ ကြိမ် စံချိန်နောက် ဒုတိယအကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

လူဦးရေ ၁၅၅,၀၀၀ ကျော်သာရှိတဲ့ ကာရေဘီယံကျွန်းနိုင်ငံလေး ကူရာဆာအိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ လူဦးရေအနည်းဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ ရုမ်းက “ဒီပွဲက ကျွန်တော့်ဂိုးသမားဘဝအတွက် ပြီးပြည့်စုံလုနီးပါးပါပဲ” လို့ ပြောကြားခဲ့ပြီး “အခုတော့ ကူရာဆာအိုမှာ ကျွန်တော့်ရုပ်တုတစ်ခုလောက် ရသင့်နေပြီထင်ပါတယ်” လို့ ဟာသနှော ပြောဆိုခဲ့ပါတယ်။

ဒီပွဲကို နယ်သာလန်ဘုရင် ဝီလမ်-အလက်ဇန်းဒါးနဲ့ ဘုရင်မ မက်ဆီမာတို့လည်း လာရောက်ကြည့်ရှုခဲ့ကြပြီး နည်းပြ ဒစ်ခ် အက်ဒဗိုကတ်ကတော့ “ဂျာမနီကို ၇-၁ နဲ့ ရှုံးပြီးနောက်မှာတောင် ပရိသတ်တွေက ကျွန်တော်တို့ကို အားပေးခဲ့ကြတယ်။ ဒီနေ့တော့ ကစားသမားတွေက ပြန်လည်ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အီကွေဒေါအတွက်တော့ ဒီရလဒ်ဟာ နောက်တစ်ဆင့်တက်ရေးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ကူရာဆာအိုကတော့ သမိုင်းဝင် ကမ္ဘာ့ဖလားခရီးစဉ်ကို ဆက်လက်ရေးသားနိုင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။



 
 
 

Comments


bottom of page