top of page

ဂျိုနသန် ဒေးဗစ် ဟက်ထရစ်သွင်းပြီး ကနေဒါက ကာတာကို ၆-၀ ဂိုး ပြတ်နဲ့ အနိုင်ရရှိ၊ ကိုနေးခြေထောက်ကျိုးကာ ပွဲအပြီးရုန်းရင်းဆန်ခတ်ဖြစ်ပွား

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

VOC/ Sports/ June 19, 2026


၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (B) ပွဲစဉ်မှာ အိမ်ရှင် ကနေဒါအသင်းက ကာတာအသင်းကို ၆ ဂိုး ပြတ်နဲ့ အနိုင်ရရှိပြီး သမိုင်းဝင် ညတစ်ညကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပွဲအတွင်း ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ကစားသမားတစ်ဦး ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့လို့ ပွဲအပြီးမှာ နှစ်ဖက်အသင်းကြား ရုန်းရင်းဆန်ခတ် ဖြစ်ပြီး တင်းမာမှုတွေ မြင့်တက်ခဲ့ရပါတယ်။

ကနေဒါတိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်က ဟက်ထရစ် အပါဝင် သုံးဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီပြီးနောက် ဒုတိယမြောက် ဟက်ထရစ်သွင်းနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အိမ်ရှင်နိုင်ငံမြေပေါ်မှာ ကမ္ဘာ့ဖလား ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ၁၉၆၆ ခုနှစ်က အင်္ဂလန်တိုက်စစ်မှူး ဂျက်ဖ် ဟာ့စ်နောက်ပိုင်း စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒီ ၆-၀ ရလဒ်ဟာ ကနေဒါရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးနိုင်ပွဲဖြစ်သလို အိမ်ရှင်နိုင်ငံတစ်နိုင်ငံရဲ့ အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲစံချိန်ကိုလည်း အီတလီ၊ ဘရာဇီးနဲ့ အာဂျင်တီးနားတို့နဲ့အတူ လိုက်မီခဲ့ပါတယ်။

ကာတာအသင်းအတွက်တော့ ခက်ခဲတဲ့ညတစ်ည ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဟိုမမ် အာမက်ဒ် အနီကတ်ပြခံခဲ့ရပြီး ဒုတိယပိုင်းမှာ အာဆင် မာဒီဘိုက ကနေဒါကွင်းလယ်လူ အစ္စမေးလ် ကိုနေးကို ပြင်းထန်စွာ ဖျက်ထုတ်ခဲ့ရာကနေ အနီကတ်ထပ်မံပြခံခဲ့ရပါတယ်။ ကာတာအသင်းဟာဒုတိယပိုင်းအများစုကို ၉ ယောက်တည်းဖြင့် ကစားခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ကိုနေးဟာ ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့ပြီး ကွင်းအတွင်း အချိန်အတော်ကြာ ဆေးကုသမှုခံယူပြီးနောက် ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ရပါတယ်။ ကနေဒါနည်းပြ ဂျက်ဆီ မာ့ရှ်ကတော့ ကိုနေးဟာ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း မာဒီဘိုဟာ အနီကတ်ပြခံရပြီးနောက် မျက်ရည်ကျတဲ့အထိ စိတ်မကောင်းဖြစ်နေခဲ့တာ တွေ့ရပါတယ်။

ပွဲပြီးဆုံးပြီးနောက်မှာလည်း တင်းမာမှုတွေ မပြီးသေးပါဘူး။ နှစ်သင်းကစားသမားတွေကြား ကွင်းအတွင်း အချင်းများမှုတွေ ဖြစ်ပွားခဲ့သလို ကနေဒါနည်းပြ ဂျက်ဆီ မာ့ရှ်နဲ့ ကာတာနည်းပြ ဂျူလန် လိုပက်တီဂွီတို့လည်း ကွင်းဘေးမှာ အပြန်အလှန် စကားများခဲ့ကြပါတယ်။ ကိုနေးရဲ့ ဒဏ်ရာရမှုက ပွဲအပြီးအထိ နှစ်ဖက်အသင်းရဲ့ စိတ်ခံစားမှုတွေကို မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ကနေဒါအသင်းဟာ ၄ မှတ်ရရှိကာ ဂိုးကွာခြားချက်အသာနဲ့ အုပ်စု B ထိပ်ဆုံးကို တက်လာခဲ့ပြီး ဆွစ်ဇာလန်အသင်းနဲ့အတူ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။


Source: Fox Sport, X



 
 
 

Comments


bottom of page