ခါမ်းပါတ်မြို့နဲ့ ကနန်ရွာကို အကြမ်းဖက်စစ်တပ်က ၂ ရက်ဆက်တိုက်ဗုံးကြဲ၊ ပြည်သူတစ်ဦးသေဆုံး၊ တစ်ဦးသတ်ဖြတ်ခံရ
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 22, 2026
ကလေး-တမူးကားလမ်းမပေါ်မှာတည်ရှိတဲ့ ခါမ်းပါတ်မြို့ နဲ့ ကနန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ၁၀ ကြိမ်ထက်မနည်း ၂ ရက်ဆက်တိုက်ဗုံးကြဲခဲ့ပြီး ကနန်ကျေးရွာက အရပ်သားပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါ တယ်။
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပြီး စစ်ရေး နဲ့ စီပွားရေးအရ အချက်အချက်ကျတဲ့ ခါမ်းပါတ်မြို့ကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၇ ရက်နေ့ကစပြီး ကလေးမြို့ နဲ့ တမူးမြို့ဘက်ကနေ စစ်အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့မှာတော့ ခါမ်းပါတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ခဲ့ပေမယ့် ခါမ်းပါတ်မြို့အမှတ် ၁ ရပ်ကွက်မှာ တိုက်ပွဲတွေဆက်လက်ရှိနေဆဲဖြစ်ပြီး ဇွန်လ ၂၁ ရက် နဲ့ ဒီကနေ့မှာ လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ ခါမ်းပါတ်ဘက်က စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ဒီကနေ့လေကြောင်းတိုက်ခိုက်မှုကြောင့် ခါမ်းပါတ်မြို့နဲ့ ကပ်လျှက်ရှိနေတဲ့ ကနန်ကျေးရွာသား အသက် ၃၄ နှစ်အရွယ် Lalpanmawia သေဆုံးခဲ့ရတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ခါမ်းပါတ်မြို့ နဲ့ ကနန်ကျေးရွာက နေအိမ်တချို့လည်း မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ဇွန်လ ၂၁ ရက်နေ့ကလည်း ခါမ်းပါတ်မြို့ထဲဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ခါမ်းပါတ်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က သိမ်းပိုက်ပြီး ထိန်းချုပ်ထား တာဖြစ်ပါတယ်။








Comments