ချင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ မိုးများပြီး လေပြင်းတိုက်၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ဟု မိုးဇလ သတိပေး
- thevoiceofchinland
- Apr 28
- 1 min read
VOC/ April 28, 2026
ချင်းပြည်အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းပြီး မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက် ခတ်တာ၊ မိုးကြိုးပစ်၊လျှပ်စီးလက်တာ နဲ့ မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြား မှုဦးစီးဌာနကထုတ်ပြန်ပါတယ်။
မနက်ဖြန်မနက်ပိုင်းအထိခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ တနင်္သာရီတိုင်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ချင်းပြည်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနှင့် မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ မိုးဇလဌာနက အကြံပြုထားပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်တို့မှာ နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်မှာ နေရာ စိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်းနှင့် ရခိုင် ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသနှင့် ပြည်နယ်တို့မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဖော်ပြပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်ကတော့ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဖော်ပြ ပါတယ်။







Comments