ချင်းလူငယ်များအကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုနဲ့စုစည်းမှုတည်ဆောက်နိုင်ရန် ချင်းလူငယ်ကွန်ဂရက်ဖွဲ့စည်းမည်
- thevoiceofchinland
- May 15
- 1 min read
VOC/ May 15, 2026
ချင်းလူငယ်များအကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုနဲ့ စုစည်းမှုတည်ဆောက်နိုင်ရန် ချင်းလူငယ်ကွန်ဂရက်(Chin Youth Congress - CYC) ကို ဖွဲ့စည်းရန် Chin Youth Forum-Aizawl အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။
Chin Youth Forum – Aizawl ကိုပြီးခဲ့တဲ့ မေလ ၈ ရက်နဲ့ ၉ ရက်နေ့က ပြည်တွင်းပြည်ပရှိ ချင်းလူငယ်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ့်အရေးစိတ်အားထက်သန်သူတွေရဲ့ ပူးပေါင်းတပ်ဝင်မှုနဲ့ အောင်မြင်စွာကျင်းပခဲ့ကြ တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူငယ်တွေဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ တော်လှန်ရေးမှာ ပါဝင်မှုမြင့် တက်ခဲ့ပေမယ့် လူငယ်အဖွဲ့အစည်းမှာအားနည်းပြိုကွဲခဲ့ရပြီး လူငယ်တွေရဲ့ အသံနဲ့ အခန်းကဏ္ဍတွေ လျော့နည်း ပျောက်ဆုံးလာတာကြောင့် ခုလို Chin Youth Forum – Aizawl ကိုကျင်းပရတာလို့ ဆိုပါတယ်။
ချင်းလူငယ်တွေအကြားပိုမိုခိုင်မာတဲ့ ချိတ်ဆက်မှုနဲ့စုစည်းမှုတရပ် တည်ဆောက်နိုင်ရန် Forum ကနေ ထွက်ပေါ်လာတဲ့ အကြံပြုချက်နဲ့သဘောတူညီချက်တွေကိုအခြေခံပြီး ချင်းလူငယ်ကွန်ဂရက် ( Chin Youth Congress – CYC ) ကို ဆက်လက်ဖွဲ့စည်းသွားမယ်လို့ဆိုပါတယ်။
CYC ဟာ ချင်းလူငယ်တွေကို ပြန်လည်စုစည်းပေးမယ့် ဘုံပလက်ဖောင်းတခုအဖြစ် ရပ်တည်သွားမှာဖြစ်ပြီး လူငယ် တွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကိုစုပေါင်းဖြေရှင်းရန်နဲ့ လူငယ်ထုရဲ့ရည်မှန်းချက် တွေကိုဖော်ဆောင်သွားဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
Forum ကနေထွက်ပေါ်လာတဲ့အခြေခံမူကြမ်းတွေကို CYC working committee က အချောရေးဆွဲပြီး Assembly/ Conference တစ်ရပ်ကျင်းပကာ အဲဒီမူကြမ်းတွေကိုအတည်ပြုပြီး Executive Committee ကိုရွေးချယ်ဖွဲ့စည်း သွားမယ်လို့ CYC working committee ဆိုပါတယ်။
Chin Youth Forum-Aizawl ကို Hybrid ပုံစံဖြင့်ကျင်းပခဲ့တာဖြစ်ပြီး လူကိုယ်တိုင်တက်ရောက်နိုင်သူ ၂၅ ဦးနဲ့ အွန်လိုင်းဖြင့် တက်ရောက်သူ ၁၆ ဦး စုစုပေါင်း ချင်းလူငယ် ၄၁ ဦးတက်ရောက်နိုင်ခဲ့တယ်လို့သိရပါတယ်။




Comments