ချင်း-မကွေးအစပ်က အကြမ်းဖက်စစ်သားတွေ ဆောမြို့ကနေ ကန်ပက်လက်ဘက်ကိုဦးတည်
- thevoiceofchinland
- May 18
- 1 min read
VOC/ May 18, 2026
ချင်း-မကွေးအစပ် ယောဒေသကို စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည် တောင်ပိုင်း ကန်ပက်လက်မြို့ဘက်ကို ဦးတည်ပြီး တက်လာနေတယ်လို့ သိရပါတယ်။
မကွေးတိုင်း ဆောမြို့ကို ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်သားတွေကို မနေ့မေလ ၁၇ ရက်နေ့က ချင်းတော်လှန်ရေးတပ် ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ဘက်ကို တက်လာပြီး ဒေသအခေါ် ၆ မိုင်အနီးဝန်းကျင်ကို ရောက်နေပြီလို့ မင်းတပ်ဒေသခံ HKL Mindat ကဖော်ပြပါတယ်။
ကန်ပက်လက်မြို့နယ်လူသားစာနာဘေးစီမံဌာနကလည်း အကြမ်းဖက်စစ်တပ်တွေ ကန်ပက်လက်ဘက်ကို ဦးတည် လာတဲ့အတွက်ကြောင့် ပြည်သူတွေ ဂရုစိုက်ကြဖို့ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကန်ပက်လက်ဘက်ကိုတက်လာတဲ့အကြမ်းဖက်စစ်ကြောင်းအတွက် ယနေ့မနက်ပိုင်းက Y12 လေယာဉ်ဖြင့် ခဲယမ်းရိက္ခာထုတ် ၉ ထုတ်ချပေးခဲ့တယ်လို့သိရပါတယ်။
ဆောမြို့နယ်၊ ကျောက်ထုအခြေစိုက် အမြောက်တပ် (၃၆၈) က အင်အား ၆၀ ဝန်းကျင်ခန့်ပါ အကြမ်းဖက် စစ်ကြောင်း ဟာလည်း ယနေ့ မနက်ပိုင်း ၁၀:၄၀ နာရီဝန်းကျင်မှာ ငါလွန်းကျေးရွာဘက်ကနေ ကျောက်မကျေးရွာဘက်ကို ဦးတည် ရွေ့လျားနေတယ်လို့ ယောအလင်းတန်းက ဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့ရက်ပိုင်းကစပြီး လောင်းရှည်ဘက်ကနေ ဆောမြို့ကို စစ်အင်အားအလုံးအရင်းဖြည့်တင်း လာပြီးနောက် ချင်း-မကွေးအစပ်မှာ စစ်ရေးလှုပ်ရှားမှုတွေပိုမိုလုပ်ဆောင်လာတာဖြစ်ပါတယ်။




Comments