top of page

ချင်းပြည်သူ့အစည်းအရုံးနဲ့ အာရက္ခတပ်တော် ခေါင်းဆောင်များတွေ့ဆုံ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 22
  • 1 min read

VOC/ April 20, 2026


ချင်းပြည်သူ့အစည်းအရုံး(CPU) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ခေါင်းဆောင်များတွေ့ဆုံပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေချမှတ် နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားမှုဖြင့် ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ အာရက္ခဒေသသို့ သွားရောက်ခဲ့ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြတာလို့ ချင်းပြည်သူ့အစည်းအရုံးက ယနေ့ဧပြီလ ၂၀ ရက်နေ့မှာထုတ်ပြန်လာပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးမှုမှာ လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ၊ ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူတွေအကြား အိမ်နီးချင်းကောင်းများပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးတို့အတွက် ဆွေးနွေး တိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဟာ ချင်းပြည်သူ့အစည်းအရုံးရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာတွေကိုလည်း လိုက်လံပြသပို့ဆောင်ပေးခဲ့ ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်ခဲ့တဲ့ ဒီခရီးစဉ်မှာ ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာတွေနဲ့တကွ အလွန်တရာ အကျိုးရှိ သော ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union)/ ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ကို ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ CDF-Mindat၊ CDF-Kanpetlet၊ CDF-Matupi တို့အပြင် CDF-Daai တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅ ) နေ့က စတင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page