ချင်းပြည်(Chinland) အစိုးရက ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့မှာ ဆုတောင်းမေတ္တာပို့
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 19, 2026
ဒီကနေ့ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာစေဖို့ နဲ့ စစ်မိစ္ဆာတွေရဲ့ မတရား ဖမ်းဆီးချုပ်နှောင်မှုကနေ အမြန်ဆုံးလွတ်မြောက်နိုင်စေဖို့ ချင်းပြည်(Chinland) အစိုးရက ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။
မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် မိသားစုနဲ့ မိမိကိုယ်ပိုင်ဘဝကိုစွန့်လွှတ်ကာ မဆုတ်မနစ်အနစ်နာခံကြိုးပမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချင်းပြည်(Chinland) အစိုးရအဖွဲ့ နဲ့ ချင်းပြည်သူတစ်ရပ်လုံးက လေးစားဂါရဝပြုကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ မွေးနေ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ယုံကြည်အားကိုးတဲ့ လူထုခေါင်းဆောင်ဖြစ်တာနဲ့အညီ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်း သူမရဲ့အခန်းကဏ္ဍဟာ အလွန်အရေး ကြီးပြီး နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိကမျှော်လင့်ချက်မောင်းနှင်အားဖြစ်တယ်လို့ ချင်းပြည်(Chinland) အစိုးရကဆိုပါတယ်။
ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာညဏ်ထက်မြတ်မှု နဲ့ တည် ကြည်သောသမာတိတရားတို့ဟာ မြန်မာပြည်အတွက် အမှောင်ထုစနစ်ဆိုးကနေ ဆွဲတင်ပေးနိုင်မယ့် အလင်းရောင် နဲ့ ခွန်အားတစ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်တွေရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့အခြေအနေများကနေ မည်မျှပင်ခက်ခဲကြမ်းတမ်း မှုကို ရင်ဆိုင်နေရပါစေ ပြည်သူဖက်ကနေ မားမားရပ်တည်ပြီး တိုင်းပြည်ရဲ့ အနာဂတ်ကို မှန်ကန်သောလမ်းကြောင်းပေါ် ရောက်ရှိနိုင်ဖို့ ကိုယ်ကြိုးမဖက်ဆောင်ရွက်ခဲ့တဲ့ အမြော်အမြင်ကြီးမားတဲ့ ပြည်သူ့မိခင်ကြီးဖြစ်တယ်လို့လည်း ချင်းပြည်(Chinland) အစိုးရကဆိုပါတယ်။
ချင်းပြည်(Chinland) အစိုးရအဖွဲ့အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တောင်းတခဲ့တဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တော်လှန်ပြည်သူတွေနဲ့အတူ လက်တွဲတွန်းလှန်သွားမယ်လို့ လေးနက်စွာအဓိဌာန်ပြုထားကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။






Comments