top of page

ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး လူ့အခွင့်အရေးဆိုင်ရာစွမ်းဆောင်ရည်ဆုရရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 2
  • 1 min read

VOC/ July 2, 2026


အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း (International Bar Association – IBA) က ၂၀၂၆ ခုနှစ်အတွက် ချီးမြင့်မယ့် လူ့အခွင့်အရေးဆိုင်ရာစွမ်းဆောင်ရည်ဆုကို မြန်မာနိုင်ငံက ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ရရှိသွားတယ်လို့သိရပါတယ်။

ကမ္ဘာ့အကြီးဆုံးနှင့် ဩဇာအရှိဆုံး နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့အစည်းဖြစ်တဲ့ International Bar Association- IBA က ၂၀၂၆ ခုနှစ်အတွက် "Outstanding Contribution by a Legal Practitioner to Human Rights Award" လို့ခေါ်တဲ့ ရှေ့နေတစ်ဦးရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြောင်မြောက်သော စွမ်းဆောင်မှုဆု (IBA award) ကို တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးထံ ချီးမြှင့်ရန် ရွေးချယ်လိုက်တယ်လို့ ဇွန်လ ၂၉ ရက်နေ့ကတရားဝင်ထုတ်ခဲ့တာ လို့သိရပါတယ်။

ဒေါ်ဇာလီအေးဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ် တွေမှာ ဆယ်နှစ်ကျော်ကြာ တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့တဲ့ ဝါရင့်ရှေ့နေတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီး အခွင့်အရေး၊ မြေယာအခွင့်အရေး၊ LGBT အရေးကိစ္စနဲ့ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍတွေမှာ အဓိက ပါဝင်ဆောင် ရွက်နေသူဖြစ်တယ်လို့ IBA က ဖော်ပြပါတယ်။

လက်ရှိမှာ ဒေါ်ဇာလီအေးဟာ Solidarity of Trade Unions Myanmar (STUM) ရဲ့ ဥပဒေအကြံပေးအဖြစ် ကူညီပံ့ပိုး ပေးနေသလို အပြည်ပြည်ဆိုင်ရာ ဥပဒေအဖွဲ့အစည်းမှာလည်း ဥပဒေအကြံပေးအဖြစ်လုပ်ဆောင် နေတယ်လို့သိရ ပါတယ်။

Justice for Women အဖွဲ့ရဲ့ တွဲဖက်တည်ထောင်သူလည်းဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဥရောပကော်မရှင် (European Commission) က သူမကို ငြိမ်းချမ်းရေးသံတမန် (Peace Ambassador) အဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

ယခုဆုကို ပေးအပ်တဲ့ IBA အဖွဲ့အစည်းဟာ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ နိုင်ငံနှင့် နယ်မြေပေါင်း ၁၇၀ ကျော်က ရှေ့နေတွေ၊ ရှေ့နေအသင်းတွေနဲ့ ဥပဒေအဖွဲ့အစည်းတွေကို ချိတ်ဆက်ပေါင်းစည်းပေးထားတဲ့ ကမ္ဘာ့ဥပဒေအဖွဲ့အစည်းကြီးဖြစ်ပါတယ်။

ဒီဆုရရှိသူကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ လာမည့် အောက်တိုဘာ ၄ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပမယ့် IBA နှစ်ပတ်လည် ညီလာခံမှာ ဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page