ကလေး-တမူးလမ်းမပေါ်က ကနန်ရွာ သိမ်းပိုက်ဟု အကြမ်းဖက်စစ်တပ်ထုတ်ပြန်
- thevoiceofchinland
- Jul 2
- 1 min read
VOC/ July 1, 2026
အိန္ဒိယ - မြန်မာ နယ်စပ် ကလေး - တမူးလမ်းပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကနန်ကျေးရွာ ကို သိမ်းပိုက်ရရှိပြီလို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ပါတယ်။
ခါမ်းပါတ်မြို့နဲ့ ကပ်လျှက်ရှိနေတဲ့ ကနန်ကျေးရွာကို မနေ့ ဇွန်လ ၃၀ ရက်နေ့ကမှာ ထိုးစစ်ဆင်သိမ်းနိုင်ခဲ့တာလို့ အကြမ်း ဖက်စစ်တပ်က ဒီကနေ့ဇူလိုင် ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာတာပါ။
အကြမ်းဖက်စစ်တပ်ဟာ ကလေး-တမူးကားလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ ဇွန်လ ၇ ရက်နေ့ကစပြီး ကလေး နဲ့ တမူးမြို့တို့ကနေ စစ်အင်အား အလုံးအရင်းဖြင့် နှစ်ဖက်ကြားညှပ် စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့မှာတော့ ခါမ်းပါတ်မြို့ရဲ့ နေရာအများစုကို သိမ်းပိုက်ခဲ့ပြီးနောက် ကနန်ကျေးရွာဘက်ကို လေကြောင်း ပစ်ကူတွေနဲ့အတူ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေရဲ့အဆိုအရ အကြမ်းဖက်စစ်တပ်ဟာ ကနန်ကျေးရွာကို အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ တချို့နေရာမှာ ပစ်ခတ်မှုတွေရှိနေဆဲဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်ရှိနေတယ်လို့ သိရပါတယ်။
ခါမ်းပါတ်မြို့ နဲ့ ကနန်ကျေးရွာအပါအဝင် အဲဒီဘက်တကျောက ရွာပေါင်း ၅၀ ဝန်းကျင်က ပြည်သူတွေကတော့ ကလေး၊ တမူး နဲ့ အိန္ဒိယဘက်ခြမ်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။




Comments