top of page

ကလေး-တမူးလမ်းပြန်လည်ထိန်းချုပ်ဖို့ အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်နေ၊ ကလေး-ခမ်းပါတ်-တမူးကားလမ်း ဖြတ်သန်းခွင့်ပိတ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

VOC/ June 8, 2026


အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ကလေး-တမူးလမ်းမကြီးကို ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်နေပြီး ကလေး-ခမ်းပါတ်-တမူးကားလမ်းမကြီးလည်း ဒီကနေ့ နေ့လည်ပိုင်းကစပြီး ဖြတ်သန်းသွားလာခွင့်မရတော့ဘူးလို့ သိရပါတယ်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် မိုဒီနဲ့တွေ့ဆုံစဉ်မှာ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်းမစီမံကိန်းပြန်စဖို့ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ကို လုံခြုံရေးတိုး မြင့်ဆောင်ရွက်မယ်လို့ ပြောဆိုအပြီး ရက်ပိုင်းအကြာမှာပဲ စစ်ဆင်ရေးတွေတိုးမြှင့်ဆောင်ရွက်လာတာဖြစ်ပါတယ်။

ဒါကြောင့် အိန္ဒိယ-မြန်မာနယ်စပ်လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ ကလေးမြို့ နဲ့ တမူးမြို့ဘက်ကနေ နှစ်ဖက်ကြားညှပ်ပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ခမ်းပါတ်မြို့ဘက်ကို ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကလေးမြို့ကနေ တက်လာတဲ့ တပ်ဖွဲ့ဟာ ကလေး-တမူးကားလမ်းမပေါ် ၅၆ မိုင်အထိရောက်ရှိနေပြီလို့ သိရပါတယ်။

တမူးမြို့ကနေ ထွက်လာတဲ့အဖွဲ့ကတော့ ဒီနေ့ကမနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တမူး-ခမ်းပါတ်ကြားက နန်းမွန်ထာကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

ကလေး-တမူးကားလမ်းမပေါ်မှာတည်ရှိတဲ့ ခမ်းပါတ်မြို့နဲ့ အနီးတဝိုက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး ဒါကိုပြန်လည်ရယူဖို့ အကြမ်းဖက်စစ်တပ်က စစ်အင်အားတိုးမြှင့်ပြီး စစ်ဆင်ရေးဆောင် ရွက်လာတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအနေအထားမှာ ကလေး-ခမ်းပါတ်-တမူးကားလမ်းကို ဖြတ်သန်းသွားလို့မရတော့ဘဲ လမ်းခရီးမှာ ကားတွေနဲ့ စစ်ဘေးရှောင်တွေလည်း သောင်တင်နေကြတယ်လို့သိရပါတယ်။

ကလေး-တမူးကားလမ်းတစ်လျှောက်ကို အကြမ်းဖက်စစ်တပ်က တကျော့ပြန်ထိုးစစ်ဆင်လာတဲ့အတွက် ခမ်းပါတ်၊ ကနန်၊ ငှက်ပျော်တော နဲ့ အဲဒီဘက်ကတကျော်က ကျေးရွာအတော်များများက ဒေသခံပြည်သူတွေကတော့ အိန္ဒိယ နယ်စပ်ဘက် နဲ့ ကလေးမြို့ တာဟန်းဘက်ကို စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။


ရုပ်သံ- Thang Let Dawla



 
 
 

Comments


bottom of page