ကရင်လူမျိုးတို့ရဲ့ ရည်မှန်းချက်နှင့် အိပ်မက်ဖြစ်သော “ကော်သူးလေ ကရင်ပြည်” ထူထောင်ရေး အတူတကွ ကြိုးပမ်းကြဖို့ KNU ဥက္ကဌတိုက်တွန်း
- thevoiceofchinland
- Jun 16
- 1 min read
VOC/ June 15, 2026
ကရင်လူမျိုးတို့ရဲ့ ရည်မှန်းချက်နှင့် အိပ်မက်ဖြစ်တဲ့ “ကော်သူးလေ ကရင်ပြည်” ထူထောင်ရေးကို အတူတကွ အင်တိုက် အားတိုက် ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းလိုက်ပါတယ်။
ဇွန်လ ၁၄ ရက်နေ့က ကျရောက်တဲ့ ၇၇ နှစ်မြောက် “ကော်သူးလေနေ့”သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ခုလိုတိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ကရင်လူမျိုးအားလုံးရဲ့ စိတ်နှလုံးမှာ “ကော်သူးလေ” ဆိုတဲ့စကားလုံးဟာ အစဉ်စွဲမြဲစွာ ကိန်း၀ပ်ရှိနေပြီး “ကော်သူးလေ” ကရင်ပြည်ကို တည်ထောင်ခြင်းဟာ လိုအင်ဆန္ဒ တစ်ခုတည်းဖြင့်သာ တည်ဆောက်လို့မရဘဲ ဖြစ်ပေါ်တိုးတက် လာတဲ့ နိုင်ငံရေးအခြေအနေ နဲ့ မိမိလူမျိုးရဲ့အခြေအနေ နှင့်ကိုက်ညီတဲ့ လက်တွေ့ကျသော တည်ဆောက် မှုရှိရန်လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် KNU အနေဖြင့် ကရင်အမျိုးသားတွေ လိုလားတောင့်တနေတဲ့ “ကော်သူးလေ ကရင်ပြည်” ရရှိရေးအတွက် တောင်းယူခြင်းမဟုတ်တဲ့ အောက်ခြေပြည်သူလူထုမှ မိမိတို့ကော်သူးလေနယ်မြေကို မိမိတို့ကိုယ်တိုင် သတ်မှတ်ခြင်း၊ မိမိတို့ ကော်သူးလေအုပ်ချုပ်ရေးကို မိမိတို့ကိုယ်တိုင်လက်ခံခြင်း၊ မိမိတို့ ကော်သူးလေ အစိုးရ ကို မိမိတို့ကိုယ်တိုင် အသိအမှတ်ပြုခြင်ဆိုတဲ့ အောက်ခြေမှ အသိအမှတ်ပြုတဲ့ ခိုင်မာ အားကောင်းသော တည်ဆောက်မှုဖြင့် အကောင် အထည်ဖော် လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလ (၃)ရက်နေ့မှာ “တော်လှန်ရေးကာလ ကော်သူးလေပဋိဥာဉ်” ကို အတည်ပြုခဲ့ကြပြီး “တော်လှန်ရေး ကာလ ကော်သူးလေ အတိုင်ပင်ခံကောင်စီ” နဲ့ “တော်လှန်ရေး ကာလ ကော်သူးလေ အုပ်ချုပ်ရေး ကောင်စီ” ကို ဖွဲ့စည်းခဲ့ပြီးဖြစ်တယ်လို့ KNU ဥက္ကဌကပြောပါတယ်။
လာမယ့် အနာဂတ်ကာလမှာ မိမိတို့ရဲ့ ကံကြမ္မာကို မိမိတို့ကသာလျှင် ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ရန် နေရာကဏ္ဍ အသီး သီးမှာရှိနေကြတဲ့ အနာဂတ် မျိုးဆက်သစ်တွေကိုမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ” ထူထောင်ရေးကို အတူတကွ အင်တိုက်အားတိုက် ကြိုးပမ်း ဖော်ဆောင်တည်ဆောက်ကြရမယ်လို့ ဆိုပါတယ်။
ကရင့်အမျိုးသားတွေဟာ ၁၉၄၉ ခုနှစ် လက်နက်ကိုင်တော်လှန်ရေး စတင်ဆင်နွှဲချိန်မှာ မြို့ရွာတွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နိုင်ခဲ့ပြီး အစိုးရတစ်ရပ်ဖြစ်ပေမယ့်လည်း အုပ်ချုပ်ရေးပိုင်းမှာ အလွန်အားနည်းခဲ့ကာ မြို့ရွာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုတွေအတွက် ညွှန်ကြားချက် လုံးဝ မလုပ်ဆောင် နိုင်ခဲ့ဘူးလို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။
ဒါကြောင့် ၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ အရေးပေါ် အစည်းအဝေး တစ်ရပ်ကို တောင်ငူမြို့မှာ ခေါ်ယူခဲ့ပြီး “ကော်သူးလေအစိုးရ” ကို ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။
ကော်သူးလေအစိုးရ KGB ရဲ့ အစည်းအဝေး ပထမဦးဆုံး တစ်ကြိမ်ကို ၁၉၅၀ ခုနှစ် ဧပြီလမှာ ကျင်းပ ပြုလုပ်ခဲ့ပြီး ကော်သူးလေအစိုးရ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဇွန် ၁၄ ရက်ကို “ကော်သူးလေနေ့” အဖြစ် သတ်မှတ်ခဲ့ပြီး ဒီကနေ့ တိုင် ဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။







Comments