ကမ္ဘာ့ဖလားအပြန် အင်ချွန်းလေဆိပ်တွင် ကိုရီးယားပြည်သူများ၏ နွေးထွေးသော အားပေးမှုကို ပြန်လည်ရရှိခဲ့တဲ့ အာရှ ကြည်ပွင့် ဆွန်ဟောင်မင်
- thevoiceofchinland
- Jul 2
- 1 min read
VOC / Sports / June 30, 2026
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ တောင်ကိုရီးယားအသင်း မမျှော်လင့်ဘဲ စောစီးစွာ ထွက်ခွာခဲ့ရမှုကြောင့် အသင်းအပေါ် ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆန္ဒပြမှုများနှင့် လှောင်ပြောင်မှုများအထိ ဖြစ်ပွားခဲ့သော်လည်း၊ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် (Son Heung-min) အပေါ် ကိုရီးယားပြည်သူများ၏ ချစ်ခင်လေးစားမှုနှင့် ယုံကြည်မှုကတော့ မလျော့နည်းသွားခဲ့ပါဘူး။
ဇွန်လ ၃၀ ရက် နံနက်ပိုင်းက အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လုံခြုံရေးဝန်ထမ်းများ ခြံရံလျက် စိတ်မကောင်းစွာဖြင့် ထွက်လာတဲ့ ဆွန်ဟောင်မင်ကို လာရောက်စောင့်ဆိုင်းနေတဲ့ ပရိသတ်အများအပြားက “I love you, Son!” လို့ တခဲနက် အော်ဟစ်အားပေးခဲ့ကြပြီး ဓာတ်ပုံရိုက်ကာ အားပေးစကားများ ပြောကြားခဲ့ကြပါတယ်။
အထူးသဖြင့် တောင်အာဖရိကအသင်းနဲ့ အဆုံးအဖြတ်ပွဲစဉ်မှာ နည်းပြ ဟုန်းမြောင်ဘို (Hong Myung-bo) က ဆွန်ဟောင်မင်ကို ၎င်းရဲ့ နိုင်ငံအသင်းကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဘောလုံးပရိသတ်များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး၊ နည်းပြဟုန်းမြောင်ဘိုမှာလည်း ယင်းနောက်ပိုင်း ရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။
ကမ္ဘာ့ဖလားမှ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့် ပရိသတ်များကတော့ ဆွန်ဟောင်မင်တစ်ဦးတည်းကို အပြစ်တင်ခြင်းမပြုဘဲ၊ အသင်းအတွက် နှစ်ပေါင်းများစွာ အနစ်နာခံခဲ့တဲ့ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်အားပေးခဲ့ကြပါတယ်။ အထူးသဖြင့် ၎င်းရဲ့ ရိုးသားပွင့်လင်းတဲ့ တောင်းပန်စာဟာလည်း ပရိသတ်တွေရဲ့ လေးစားမှုကို ပိုမိုရရှိစေခဲ့ပါတယ်။
ဆွန်ဟောင်မင်က သူရဲ့ Instagram စာမျက်နှာမှာ “ကလေးဘဝကတည်းက အိပ်မက်မက်ခဲ့တဲ့ ကမ္ဘာ့ဖလားစင်မြင့် ပြိုလဲသွားသလို ခံစားရပါတယ်” လို့ ရင်ဖွင့်ရေးသားခဲ့ပြီး ပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။ ထို့အပြင် “ကိုရီးယားပြည်သူတွေရဲ့ နှလုံးသားကို ပြန်လည်ရရှိအောင် အကောင်းဆုံး ဆက်လက်ကြိုးစားသွားမယ်” လို့ ကတိပြုခဲ့သလို အသင်းဖော်တွေကိုလည်း ဆက်လက်အားပေးကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ အာရှဘောလုံးသမိုင်းရဲ့ အအောင်မြင်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး၊ ၂၀၂၁-၂၂ ရာသီမှာ ပင်နယ်တီမပါဘဲ ၂၃ ဂိုးသွင်းကာ အင်္ဂလန်ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု (Golden Boot) ဆွတ်ခူးခဲ့တဲ့ ပထမဆုံး အာရှကစားသမားလည်း ဖြစ်ပါတယ်။ ထို့အပြင် ပရီးမီးယားလိဂ်မှာ ဂိုး ၅၀ နဲ့ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံး အာရှကစားသမား၊ ၂၀၁၉ FIFA Puskás Award ဆုရှင်နဲ့ AFC Asian International Player of the Year ဆုကို စံချိန်တင် ၇ ကြိမ် ရရှိထားသူလည်း ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ Tottenham အသင်းကို UEFA Europa League ဖလားရယူနိုင်အောင် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပြီး၊ လက်ရှိမှာတော့ အမေရိကန် MLS ကလပ် LAFC အတွက် ကစားနေပါတယ်။
ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားပြည်သူတွေရဲ့ ရင်ထဲမှာ အစားထိုးမရတဲ့ နိုင်ငံဂုဏ်ဆောင် အသင်းခေါင်းဆောင်တစ်ဦးအဖြစ်သာမက အာရှဘောလုံးလောကရဲ့ စံပြအိုင်ကွန်တစ်ဦးအဖြစ်လည်း ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နေဆဲ ဖြစ်တယ်လို့ ကိုရီးယားမီဒီယာများက သုံးသပ်ဖော်ပြနေကြပါတယ်။




Comments