top of page

ကမ္ဘာကြီးက လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီး နိုင်ငံတကာအခြေအနေတွေက လှုပ်ခတ်နေတယ်လို့ တရုတ်သမ္မတပြောဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 14, 2026


မေလ ၁၄ ရက်နေ့မှာ အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ဟာ ဘေဂျင်းမြို့၊ ပြည်သူ့ခန်းမအပြင်ဘက် ကော်ဇောနီပေါ်မှာ တွေ့ဆုံနှုတ်ဆက်ကြပါတယ်။

နှစ်ဘက်ခေါင်းဆောင်များရဲ့တွေ့ဆုံနှုတ်ဆက်အပြီးမှာ တရုတ်သမ္မတ Xi Jinping က အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့ပါတယ်။

"တစ်ကမ္ဘာလုံးက ကျွန်တော်တို့ရဲ့ ဒီတွေ့ဆုံမှုကို စောင့်ကြည့်နေကြပါတယ်။ လက်ရှိမှာတော့ ကမ္ဘာတစ်ဝန်းမှာ နှစ်ပေါင်းတစ်ရာအတွင်း မကြုံစဖူးတဲ့ အပြောင်းအလဲတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေပြီး နိုင်ငံတကာ အခြေအနေတွေဟာလည်း မတည်ငြိမ်ဘဲ လှုပ်ခတ်ချောက်ချားနေပါတယ်။"လို့ Xi က ပြောဆိုလိုက်ပါတယ်။

"ကမ္ဘာကြီးဟာ လမ်းဆုံလမ်းခွသစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။ တရုတ်နဲ့ အမေရိကန်တို့ဟာ Thucydides Trap (အင်အားကြီးနိုင်ငံဟောင်းနဲ့ နိုင်ငံသစ်တို့ ထိပ်တိုက်တွေ့ခြင်း) ကို ကျော်လွှားပြီး ဆက်ဆံရေးပုံစံသစ်တစ်ခုကို ဖော်ဆောင်နိုင်မလား? ကျွန်တော်တို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ပြီး ကမ္ဘာကြီးအတွက် ပိုမိုတည်ငြိမ်တဲ့ အခြေအနေကို ပေးစွမ်းနိုင်မလား? ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး၊ ကျွန်တော်တို့ရဲ့ ပြည်သူနှစ်ရပ်နဲ့ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုတောက်ပတဲ့ အနာဂတ်ကို တည်ဆောက်နိုင်မလား?” လို့ သူက ဆိုပါတယ်။

"ဒီမေးခွန်းတွေဟာ သမိုင်းအတွက်၊ ကမ္ဘာကြီးအတွက်နဲ့ ပြည်သူတွေအတွက် အရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဒါတွေဟာ အင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ခင်ဗျားနဲ့ ကျွန်တော် ဖြေကြားပေးဖို့ လိုအပ်တဲ့ ခေတ်ကာလရဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။" လို့လည်း ထပ်လောင်းပြောကြားသွားပါတယ်။

သမ္မတ Xi ရဲ့ အဖွင့်စကားကို သမ္မတ Trump ကလည်း Xi နဲ့ တွေ့ဆုံရခြင်းမှာ "ဂုဏ်ယူစရာ" ဖြစ်တယ်လို့ ဆိုပြီး “ခင်ဗျားရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်ရတာဟာ ဂုဏ်ယူစရာပါပဲ" လို့ ပြောဆိုလိုက်ပါတယ်။ အခုခရီးစဉ်မှာ ကမ္ဘာ့အကောင်းဆုံး စီးပွါးရေးခေါင်းဆောင်တွေကို ခေါ်ဆောင်လာခဲ့ကြောင်း နဲ့ ဒီတွေ့ဆုံမှုကို အကြီးမားဆုံး ထိပ်သီးအစည်းအဝေးလို့ ခေါ်ဆိုနေကြတယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။


Source- WhiteHouse, C Span, BBC News



 
 
 

Comments


bottom of page