top of page

ကန်ပက်လက်မြို့အနီးမှာ တိုက်ပွဲစဖြစ်၊ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 21, 2026


ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ယနေ့မနက်ပိုင်းကစလို့ တိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

ယနေ့မေလ ၂၁ ရက်နေ့မှာ ကန်ပက်လက်မြို့အနီးနားမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး ကာကွယ်ရေးတပ်ဖွဲ့ တွေအတွက် အလှူငွေထည့်ဝင်ကြဖို့ နဲ့ ဆုတောင်းပေးကြဖို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာ နဲ့ တိုက်ပွဲအခြေအနေတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

အကြမ်းဖက်စစ်တပ်ဟာ ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့ကို လောင်းရှည်ဘက်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အင်အားအလုံးအရင်းဖြည့်တင်းခဲ့ပြီးနောက် ဆောမြို့ကနေ ကန်ပက်လက်မြို့ကို မေလ ၁၇ ရက်နေ့က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ကန်ပက်လက်မြို့အနီး ၆ မိုင်ဝန်းကျင်မှာရောက်ရှိနေခဲ့ကြပြီး တိုက်ပွဲလည်း အဲဒီနား တဝိုက်မှာဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

တချိန်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ဟာ ယနေ့မနက်အစောပိုင်း ၆ နာရီလောက်မှာ ကန်ပက်လက်မြို့တနေရာကို လေကြောင်းဖြင့် ဗုံး ၄ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

ချင်း-မကွေးအစပ်မှာတည်ရှိတဲ့ ကန်ပက်လက်မြို့ဟာ CDF-Kanpetlet တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပါတယ်။



 
 
 

Comments


bottom of page