top of page

ကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ရဲ့အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 2 min read

VOC/ June 3 2025


ဇွန် ၂ ရက် အင်္ဂါနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲမှာ အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ပြီးနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) ပထမဆုံးအကြိမ် လာရောက်ထွက်ဆိုတဲ့ပွဲ ဖြစ်ပါတယ်။

USAID, အီရန် စစ်ပွဲ ၊ ကျူးပါးအရေး များနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးမူဝါဒအပေါ် ဖိအားပေး မေးခွန်းထုတ်မှုတွေကို နိုင်ငံခြားရေး ဝန်ကြီး Marco Rubio ရင်ဆိုင်ခဲ့ရပါတယ်။

* အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ (USAID) ရဲ့ နိုင်ငံခြားအကူအညီနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုများ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကူညီပံ့ပိုးမှုအများဆုံးပေးနေတဲ့ နိုင်ငံအဖြစ် ဆက်ရှိနေဦးမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုတွေဖြစ်ရတာဟာ နိုင်ငံတကာမိတ်ဖက်တွေဘက်က လုံလောက်အောင် ဝိုင်းဝန်းမလုပ်ဆောင်ကြလို့ဖြစ်တယ်လို့ သူက ပြစ်တင်ပြောဆိုခဲ့တာပါ။

ရူဘီယိုက "သမိုင်းတစ်လျှောက်လုံးမှာ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ နိုင်ငံခြားအကူအညီနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုတွေကို အများဆုံးပေးခဲ့တဲ့ နိုင်ငံပါ။ ပြဿနာတွေ ဖြစ်လာရတာဟာ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေဘက်က လုံလောက်အောင် မလုပ်ကြလို့ဖြစ်ပြီး အမေရိကန်က လုံလောက်အောင် မလုပ်လို့ မဟုတ်ပါဘူး" လို့ ထွက်ဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ ဖေဖော်ရီလမှ စ၍ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ (USAID) ၏ တာဝန်ခံ အုပ်ချုပ်ရေးမှူး (acting administrator) ဖြစ်လာပြီး၊ အေဂျင်စီဟာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တိုက်ရိုက်ထိန်းချုပ်မှုအောက် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဝေဖန်သူတွေဘက်ကတော့ ဒီလို ရန်ပုံငွေဖြတ်တောက်တာဟာ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ထိခိုက်စေနိုင်တယ်လို့ သတိပေးနေကြပါတယ်။ ဒါပေမဲ့ ရူဘီယိုကတော့ အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်တွေဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေရမယ်လို့ပဲ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ ပရဟိတ လူမှုကူညီရေး အဖွဲ့အစည်းတစ်ခု မဟုတ်ဘူးဆိုတာ လူတိုင်းကို သတိပေးချင်တယ်” လို့ ပြောပါတယ်။

“အမေရိကန်ဟာ တစ်ခုတည်းသော ကမ္ဘာ့ စူပါ ပါဝါ နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေဆဲ” လို့လည်း ရူဘီယိုက ပြောပါတယ်။

အီရန်နဲ့ နျူကလီးယားဆွေးနွေးပွဲ

* အီရန်ရဲ့သဘောထား: အရင်က ဆွေးနွေးဖို့ လုံးဝငြင်းခဲ့တဲ့ နျူကလီးယားကိစ္စတချို့ကို အခု အီရန်ဘက်က ဆွေးနွေးဖို့ သဘောတူလာတယ်လို့ Rubio က ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ လွှတ်တော်နဲ့ ပြည်သူတွေလက်ခံမယ့် သဘောတူညီချက်မျိုး ရလိမ့်မယ်လို့ အာမမခံနိုင်သေးပါဘူး။

* ရေလမ်းကြောင်းကိစ္စ: အီရန်က ရေလက်ကြားပြန်ဖွင့်ရင် အမေရိကန်က ပိတ်ဆို့မှုတချို့ ပြန်ဖွင့်ပေးမှာဖြစ်ပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှု (Sanctions) တွေကိုတော့ အကုန်ရုတ်သိမ်းပေးမှာ မဟုတ်ပါဘူး။ စနစ်တကျဆွေးနွေးဖို့ ရက် ၃၀ ကနေ ၉၀ အထိ ကြာနိုင်ပါတယ်။ “ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးအတွက် အီရန်အပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမယ်ဆိုတာမျိုး အမေရိကန်ဘက်က ကမ်းလှမ်းခဲ့တာမျိုး မရှိဘူး” လို့လည်း ရူဘီယိုက ဆိုပါတယ်။

* အီရန်အပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ မူလ

အကြောင်းတရားဟာ ဟော်မုဇ် ရေလက်ကြားမဟုတ်ဘဲ တီဟီရန်ရဲ့ နျူကလီးယား အစီအစဥ်ကြောင့်ဖြစ်တယ်။ ပိတ်ဆို့မှု ဖြေလျှော့ပေးခြင်း မပေးခြင်းဟာ တီဟီရန်ရဲ့ နျူကလီးယား အစီအစဥ် စွန့်လွှတ်မှုအပေါ်မှာပဲ မူတည်မယ်” လို့ မာကိုရူဘီယိုက ပြောသွားပါတယ်။

* ခေါင်းဆောင်သစ်အခြေအနေ: စစ်ပွဲပထမရက်မှာ သေဆုံးသွားတဲ့ အီရန်ခေါင်းဆောင်ဟောင်း အလီခါမေနီရဲ့သား ဖြစ်သူ ခေါင်းဆောင်သစ် (Ayatollah Mojtaba Khamenei) ဟာ အသက်ရှင်လျက်ရှိပြီး နောက်ကွယ်ကနေ ပိုပြီးပါဝင်ပတ်သက်လာတာတွေ တွေ့ရတယ်လို့ Rubio က ဆိုပါတယ်။

ကြားနာပွဲမှာ ဒီမိုကရက်တစ်အမတ် Cory Booker က "ကျွန်တော်တို့က ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး အီရန်နဲ့ကျမှ ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေတယ်။ ဆီဈေးတွေတက်လို့ ပြည်သူတွေဒုက္ခရောက်နေတယ်" လို့ ဝေဖန်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အီရန်က ဆွေးနွေးပွဲတွေ အဆက်အသွယ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေကို ထရန့်က ငြင်းဆိုထားပြီး ဆွေးနွေးမှုတွေ ဆက်ရှိနေတုန်းပဲလို့ ပြောပါတယ်။

စက်တင်ဘာလကစလို့ ကာရစ်ဘီယံပင်လယ်ထဲက လှေတွေကို အမေရိကန်က ဗုံးကြဲလို့ လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ မူးယစ်ဆေးပါတဲ့ အထောက်အထားမရှိဘဲ တိုက်ခိုက်ခဲ့တာလားဆိုတဲ့ အမတ် Tim Kaine ရဲ့ မေးခွန်းကိုတော့ Rubio က "စည်းကမ်းချက်နဲ့မကိုက်ညီလို့ ဒါမှမဟုတ် သံသယရှိလို့ မတိုက်ဘဲ ပြန်လှည့်ခဲ့တဲ့ စစ်ဆင်ရေးတွေလည်း ရှိပါတယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံခေါင်းဆောင် မာဒူရို ပြုတ်ကျသွားပြီးနောက်ပိုင်း ၅ လအတွင်း အပြောင်းအလဲကောင်းတွေရှိလာပေမဲ့ လုပ်စရာတွေ အများကြီး လိုသေးတယ်လို့ ဆိုပါတယ်။

ကျူးဘားကတော့ ပိုရှုပ်ထွေးပြီး စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေ အရေးတကြီး လိုနေပါတယ်။ ထရန့်အစိုးရက ကျူးဘားကို ရေနံရောင်းတဲ့ ဘယ်နိုင်ငံကိုမဆို အခွန်တိုးကောက်မယ်ဆိုပြီး ပိတ်ဆို့ထားပါတယ်။ မကြာသေးခင်ကလည်း ကျူးဘားသမ္မတဟောင်း Raúl Castro ကို ၁၉၉၆ ခုနှစ် လေယာဉ်ပစ်ချမှုနဲ့ အမေရိကန်က တရားစွဲထားပါတယ်။ ကျူးဘားလက်ရှိသမ္မတ Díaz-Canel ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ သမိုင်းမှာ အဆိုးရွားဆုံး ရန်စမှုပဲလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

ဝန်ကြီး မာကိုရူဘီယိုဟာ ယနေ့ ဗုဒ္ဓဟူးနေ့မှာအောက်လွှတ်တော်ကြားနာပွဲတွင် ထပ်မံ ပါဝင်ရမှာ ဖြစ်ပါတယ်။


Source: State Department, C Span



 
 
 

Comments


bottom of page