top of page

ကနေဒါနိုင်ငံရဲ့ ၁၅၉ နှစ်မြောက် အမျိုးသားနေ့ ကျင်းပ၊ “စည်းလုံးမှုကသာ ကနေဒါကို ပိုမိုခိုင်မာစေမယ်” လို့ ဝန်ကြီးချုပ် မာ့ခ် ကာနီ ပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 2
  • 1 min read

VOC / 1 July 2026


ဇူလိုင်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကနေဒါအမျိုးသားနေ့ (Canada Day) ဟာ ကနေဒါနိုင်ငံရဲ့ အမျိုးသားနေ့ဖြစ်ပြီး ၁၈၆၇ ခုနှစ်မှာ ကနေဒါ၊ နိုဗာစကိုးရှားနဲ့ နယူးဘရွန်ဇ်ဝစ် ကိုလိုနီသုံးခုကို နိုင်ငံတစ်နိုင်ငံအဖြစ် ပေါင်းစည်းခဲ့တဲ့ သမိုင်းဝင်နေ့ကို အထိမ်းအမှတ်ပြု ကျင်းပတာ ဖြစ်ပါတယ်။

ဒီနေ့ကို အရင်က ဒိုမီနီယံနေ့ (Dominion Day) လို့ ခေါ်ဆိုခဲ့ပြီး၊ ၁၉၈၂ ခုနှစ်မှာ ကနေဒါနိုင်ငံက ဗြိတိန်ထံကနေ အပြည့်အဝ နိုင်ငံရေးလွတ်လပ်ခွင့် ရရှိချိန်မှာ ကနေဒါအမျိုးသားနေ့ လို့ တရားဝင် အမည်ပြောင်းခဲ့ပါတယ်။

ကနေဒါအမျိုးသားနေ့ကို နိုင်ငံတစ်ဝန်းမှာ စစ်ရေးပြအခမ်းအနားတွေ၊ လမ်းလျှောက်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ ယဉ်ကျေးမှုပွဲတော်တွေ၊ မိသားစု BBQ ပွဲတွေနဲ့ ညပိုင်း မီးရှူးမီးပန်းပြသမှုတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ အကြီးမားဆုံး အခမ်းအနားကိုတော့ မြို့တော် အော့တဝါရှိ လွှတ်တော်အဆောက်အအုံရှေ့မှာ ကျင်းပလေ့ရှိပါတယ်။

ယခုနှစ် ကနေဒါအမျိုးသားနေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ဝန်ကြီးချုပ် မာ့ခ် ကာနီ က ကနေဒါနိုင်ငံဟာ လက်ရှိအချိန်မှာ ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုတွေကို တစ်ပြိုင်နက် ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ကာလတစ်ခုကို ဖြတ်သန်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ကာနီက ၁၈၆၇ ခုနှစ်မှာ ကိုလိုနီလေးခု ပေါင်းစည်းခဲ့ချိန်က လူတွေဟာ “အစိတ်အပိုင်းတစ်ခုချင်းစီထက် ပိုမိုကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်နိုင်မယ်” လို့ ယုံကြည်ခဲ့ကြကြောင်း ပြောဆိုခဲ့ပြီး၊ အရှေ့နဲ့ အနောက်ကို ဆက်သွယ်ပေးတဲ့ နိုင်ငံလုံးဆိုင်ရာ မီးရထားလမ်းနဲ့ Trans-Canada အဝေးပြေးလမ်းမကြီးလို အခြေခံအဆောက်အအုံတွေကို ကိုယ့်လက်နဲ့ တည်ဆောက်ခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။

“ကနေဒါနိုင်ငံသားတွေဟာ ပိုမိုခိုင်မာပြီး ပိုမိုစည်းလုံးတဲ့ နိုင်ငံကို အိပ်မက်မက်ခဲ့ရုံတမဟုတ်ပါဘူး။ အဲဒီအိပ်မက်ကို ကိုယ့်လက်နဲ့ အကောင်အထည်ဖော် တည်ဆောက်ခဲ့ကြတာပါ” လို့ ကာနီက ဆိုပါတယ်။

ဝန်ကြီးချုပ်က လက်ရှိမှာ နိုင်ငံကို ခွဲခြားဖို့ ကြိုးစားနေတဲ့ အင်အားစုတွေလည်း ရှိနေကြောင်း ဝန်ခံပြောဆိုခဲ့ပြီး၊ ဒီပြောကြားချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကနေဒါကို အမေရိကန်နဲ့ ပေါင်းစည်းလိုတဲ့ ပြောဆိုမှုတွေ၊ လာမယ့် ဆောင်းဦးရာသီမှာ အယ်လ်ဘာတာပြည်နယ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲအပြင် ကွီဘက်ပြည်နယ်မှာလည်း ခွဲထွက်ရေး ဆွေးနွေးမှုတွေ ပြန်လည်ထွက်ပေါ်နေတဲ့ အခြေအနေတွေကို ရည်ညွှန်းတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

မိန့်ခွန်းအဆုံးမှာတော့ ကာနီက ကနေဒါနိုင်ငံသားတွေ အချင်းချင်း ကြင်နာမှု၊ အပြန်အလှန်ကူညီမှုနဲ့ စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“ကျွန်တော်တို့ ကြင်နာမှ ကြင်နာမှု ပိုများလာမယ်။ စည်းလုံးမှုကို ရွေးချယ်မှ စည်းလုံးမှု ပိုခိုင်မာလာမယ်။ ကနေဒါနိုင်ငံသားအဖြစ် အတူရပ်တည်တဲ့အခါ ကနေဒါနိုင်ငံလည်း ပိုပြီး အားကောင်းလာမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ဖြစ်ပြီး ဒီနေ့အချိန်မှာ အရင်ကထက် ပိုမိုခိုင်မာလာပါတယ်” လို့ ပြောကြားပြီး ကနေဒါအမျိုးသားနေ့ အထိမ်းအမှတ် ဆုတောင်းစကားနဲ့ မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။


Source: X/ Mark Carney



 
 
 

Comments


bottom of page