top of page

ကန်-တူရကီပွဲ၊ နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့ တူရကီ အနိုင်ရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

(တူရကီ ၃-၂ အမေရိကန်)


VOC/ Sports/ June 26, 2026


ကြာသပတေးညက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား Group D နောက်ဆုံးပွဲစဉ်မှာ တူရကီအသင်းက နာကျင်ချိန် နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းယူပြီး အိမ်ရှင် အမေရိကန်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်အသင်းကတော့ အုပ်စုအဆင့် ပထမနှစ်ပွဲနိုင်ထားတဲ့အတွက် ရှုံးနိမ့်ခဲ့ပေမယ့် ရှုံးထွက် ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အမေရိကန်အသင်းအတွက် Auston Trusty က ပွဲစပြီး ၃ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ၁၀ မိနစ်မှာ Arda Güler က ချေပဂိုးပြန်သွင်းခဲ့ပြီး ၃၁ မိနစ်မှာ Barış Alper Yılmaz က တူရကီအတွက် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ Sebastian Berhalter က ၂-၂ ဖြစ်စေမယ့် ချေပဂိုးသွင်းယူခဲ့ပေမယ့် နာကျင်ချိန် ၉၇ မိနစ် ၅၀ စက္ကန့်မှာ Kaan Ayhan က အနိုင်ဂိုးသွင်းယူပြီး တူရကီကို အောင်ပွဲရစေခဲ့ပါတယ်။ တူရကီက နိုင်ပေမယ့် အုပ်စုအဆင့်ကနေ ထွက်ခွာရမှာဖြစ်ပါတယ်။

အမေရိကန်အသင်းကတော့ Group D ထိပ်ဆုံးနဲ့ ရှုံးထွက် ၃၂ သင်းအဆင့်ကို တက်ရောက်ခဲ့ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နည်းပြ Mauricio Pochettino က ဒီပွဲမှာ ပွဲထွက်ကစားသမား ၉ ယောက်အထိ အပြောင်းအလဲလုပ်ခဲ့ပြီး Christian Pulisic ကတော့ ၅၈ မိနစ်မှာ လူစားဝင်ကစားခဲ့ပါတယ်။

Los Angeles မြို့ရှိ SoFi Stadium မှာ ကျင်းပခဲ့တဲ့ ဒီပွဲကို Brad Pitt၊ Jessica Alba၊ Paris Hilton၊ Edward Norton နဲ့ Kamala Harris အပါအဝင် ဟောလိဝုဒ်နာမည်ကြီးတွေနဲ့ ထင်ရှားသူအများအပြား လာရောက်အားပေးခဲ့ပါတယ်။ Brad Pitt ဟာ Fight Club ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့တဲ့ Edward Norton နဲ့လည်း ၂၇ နှစ်အကြာ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။

Trusty ရဲ့ အဖွင့်ဂိုးဟာ ဒီပြိုင်ပွဲရဲ့ ၁၇၃ ဂိုးမြောက်ဖြစ်ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားရဲ့ ဂိုးအများဆုံးစံချိန်ကို ရှုံးထွက်အဆင့်မစတင်ခင် လိုက်မီခဲ့ပါတယ်။


Source: X, FOX Sports



 
 
 

Comments


bottom of page