top of page

ကုလားတန်စီမံကိန်း၊ သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်း၊ နယ်စပ်လုံခြုံရေး၊ တွင်းထွက်သတ္တုကဏ္ဍ များအကြောင်း မြန်မာနဲ့ အိန္ဒိယတို့ သဘောတူညီမှုရခဲ့ကြောင်း အိန္ဒိယထုတ်ပြန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 2
  • 1 min read

VOC/ June 2, 2026


မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ဟာ နယူးဒေလီမြို့တော်က ဟိုက်ဒရာဘတ်အိမ်တော်မှာ တွေ့ဆုံခဲ့ကြပြီးနောက် ကုလားတန်စီမံကိန်း၊ ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းနဲ့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စများအပြင် တွင်းထွက်သတ္တု ပူးပေါင်းလုပ်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးVikram Misri က ထုတ်ပြန်ပါတယ်။

Misri က သတင်းစာရှင်းလင်းပွဲမှာ "ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project) နဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ ကလေးဝ-ယာကြီး (Kalewa-Yagyi) လမ်းပိုင်း တို့ကို အမြန်ဆုံး ပြီးစီးအောင်မြင်အောင် ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူခဲ့တယ်"လို့ ပြောဆိုပါတယ်။

နယ်စပ်လုံခြုံရေးနဲ့ပတ်သတ်ပြီး "မိမိတို့နိုင်ငံရဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်နစ်နာစေမယ့် လှုပ်ရှားမှုမျိုးတွေအတွက် တစ်ဖက်နဲ့တစ်ဖက်ရဲ့ နယ်နိမိတ်တွေကို လွဲမှားစွာ အသုံးချတာမျိုး မရှိစေဖို့ တားဆီးကာကွယ်ရေးဟာ အလွန်အရေးကြီးတယ်ဆိုတာကို နှစ်ဖက်စလုံးက အလေးထား ပြောကြားခဲ့ကြပါတယ်။" လို့ ဆိုပါတယ်၊ ဒါ့အပြင် မြန်မာသမ္မတ မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်းမှာ လှုပ်ရှားနေတဲ့ အိန္ဒိယသူပုန်အဖွဲ့များကို နှိမ်နင်းပေးသွားမှာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိစေဖို့ ကြိုးပမ်းသွားမယ်လို့ အာမခံပြောဆိုခဲ့တယ်လို့ Misri က ဆိုပါတယ်။

အရေးကြီးတွင်းထွက်သတ္တုများ (Critical Minerals)နဲ့ မြေရှားဒြပ်စင် (Rare Earths) ဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပြီး "ဒီအကြောင်းအရာဟာ နှစ်နိုင်ငံအကြားမှာ ကာလအတန်ကြာကတည်းက အစဉ်တစိုက် ဆွေးနွေးလာခဲ့တဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာလည်း နှစ်နိုင်ငံအစိုးရတွေအပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အမြဲမပြတ် ဆက်သွယ်ချိတ်ဆက်သွားဖို့နဲ့ ဒီကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားကြဖို့ အပြန်အလှန် နားလည်မှု ရရှိခဲ့ကြပါတယ်" လို့ Misri က ဖြေကြားသွားပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vikram Misri က သတင်းထောက်တွေကို "အိန္ဒိယရဲ့ မူဝါဒဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေများအပေါ် မှတ်ချက်ပေးဖို့ ရည်ရွယ်ချက်မရှိကြောင်း"ပြောဆိုလိုက်ပါတယ်။


Source: X



 
 
 

Comments


bottom of page