ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ CDF-Zophei ပြော
- thevoiceofchinland
- Apr 17
- 1 min read
ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ CDF-Zophei ပြော
VOC/ April 17, 2026
တော်လှန်ရေးအင်အားစု အချင်းချင်းညီညွတ်မှုဖြင့် စစ်အာဏာရှင်စနစ်မှကင်းလွတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Zopheiram Council/CDF-Zophei က ပြောဆိုလိုက်ပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့တာ ဧပြီလ ၁၆ ရက်နေ့က ၅ နှစ်တင်းတင်းပြည်မြောက်ခဲ့ပြီဖြစ်ပါတယ်။
၅ နှစ်တာကာလအတွင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်၊ သွေး၊ ချွေး၊ ခန္ဓာကိုယ်စတေးပေးဆပ်ခဲ့ကြတဲ့ အာဇာ နည် ရဲဘော်တွေကို ဦးညွတ်အလေးပြုပြီး တော်လှန်ရေးရန်ပုံငွေနဲ့ အရင်းအမြစ်တွေပေးလှူခဲ့ကြတဲ့ ပြည်တွင်း၊ ပြည်ပက ပြည်သူတွေ၊ တော်လှန်ရေး မိတ်ဖက်တွေကို အထူးကျေးဇူးတင်ကြောင်း ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ Zopheiram Council/CDF-Zophei ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲနှင့် ရလဒ်ကို လုံးဝလက်မခံသလို အကြမ်းဖက်အုပ်စုနှင့် လက် ပါးစေအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို ဇိုဖေရမ်အတွင်း ပိုင်ဆိုင်ခွင့်၊ သွားလာခွင့်တွေ ဆက်လက်ပိတ်ပင်ထား မယ် လို့ဆိုပါတယ်။
စစ်အာဏာရှင်နှင့် အကြမ်းဖက်စစ်အုပ်စုကို ဖြိုချဖယ်ရှားပြီး လွတ်လပ်ပြီး တရားမျှတသော ဖက်ဒရယ် ပြည်ထောင်စု အမြန်ဆုံးတည်ဆောက်နိုင်ရေးနှင့် နွေဦးတော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် လူငယ်တွေ တော်လှန်ရေးမှာ ပူး ပေါင်းပါဝင်ကြဖို့ကိုလည်း Zopheiram Council/CDF-Zophei က အလေးအနက် တိုက်တွန်းထားပါတယ်။
ချင်းပြည် ထန်တလန်မြို့နယ်ထဲမှာ အခြေစိုက်လှုပ်ရှားနေတဲ့ Zopheiram Council/CDF-Zophei ဟာ ဧပြီလ ၁၁ ရက်နေ ၁၇ ရက်နေ့အထိ အထွေထွေညီလာခံ ကျင်းပခဲ့ပြီး ဇိုဖေရမ်ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေပြင်ဆင်ဖြည့်စွက်ခြင်း၊ ခေါင်းဆောင်သစ်များ ရွေးချယ်ခြင်း နဲ့ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။




Comments