top of page

ကုန်တင်သင်္ဘောကို အီရန် တိုက်ခိုက်မှုဟာ အပစ်ရပ်သဘောတူညီချက်ကို မိုက်မဲစွာ ချိုးဖောက်တာလို့ ထရမ့်ပြော၊ အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ International/ June 26, 2026


ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ စင်ကာပူအလံတင် ကုန်တင်သင်္ဘော M/V Ever Lovely ကို အီရန်က ဇွန်လ ၂၅ ရက်နေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဟာ အမေရိကန်နဲ့ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို “မိုက်မဲစွာ ချိုးဖောက်လိုက်တာ” ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၂၆ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုလိုက်ပါတယ်။

ထရမ့်ရဲ့ အဆိုအရ အီရန်က လွှတ်တင်ခဲ့တဲ့ တိုက်ခိုက်ရေးဒရုန်း ၄ စင်းအနက် ၃ စင်းကို အမေရိကန်တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ပြီး ကျန်တစ်စင်းကတော့ သင်္ဘောရဲ့ အပေါ်ထပ်ကို ထိမှန်ခဲ့ပါတယ်။ ဒါပေမယ့် သင်္ဘောဟာ ထိခိုက်ပျက်စီးမှု မပြင်းထန်ဘဲ မူလလမ်းကြောင်းအတိုင်း ဆက်လက်ခုတ်မောင်းနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က ဇွန်လ ၂၆ ရက်နေ့မှာ အီရန်အတွင်းရှိ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေ၊ ကမ်းရိုးတန်းရေဒါစခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

CENTCOM က ကုန်တင်သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်တာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာ ထင်ရှားသလို နိုင်ငံတကာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားရဲ့ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကိုလည်း ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်တပ်ဖွဲ့တွေဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ကုန်တင်သင်္ဘောတွေ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ပံ့ပိုးကူညီနေပြီး အီရန်နဲ့ သဘောတူထားတဲ့ အချက်အလက်တွေ အပြည့်အဝ လိုက်နာအကောင်အထည်ဖော်နိုင်ရေးကို ဆက်လက်စောင့်ကြည့် ဆောင်ရွက်သွားမယ်လို့ CENTCOM က ထုတ်ပြန်ထားပါတယ်။


Source: X, Centcom



 
 
 

Comments


bottom of page