ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က ညသန်းခေါင်ယံမှာလေကြောင်းဖြင့် ဗုံးကြဲ၊ အရပ်သား ၆ ဦးသေဆုံး၊ ၁၁ ဦးပြင်ထန်ဒဏ်ရာရ
- thevoiceofchinland
- 14 hours ago
- 1 min read
VOC/ June 20, 2026
ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က မနေ့ညသန်းခေါင်ယံမှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၁ ဦးမှာပြင်းထန်ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျင်ဒွေးမြို့ကို မနေ့ဇွန်လ ၁၉ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ မြေပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ယခုညနေပိုင်းမှာသတင်းထုတ်ပြန်လာပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးကာ ၁၁ ဦးပြင်ထန်းဒဏ်ရာရရှိကြောင်း ဖော်ပြ ထားပြီး အသေးစိတ်အခြေအနေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
ဒီကနေ့ဇွန်လ ၂၀ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်မှာလည်း ကန်ပက်လက်မြို့အရှေ့ခြမ်းတစ်နေရာကို အကြမ်းဖက်စစ် တပ်က ဗုံး ၈ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်း ၁၂ နာရီမှာလည်း ဗုံး ၈ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါ တယ်။
ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ နဲ့ လေယာဉ်သံကြားရင် ဗုံးခိုကျင်းထဲမှာ နေရာယူပေးကြဖို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက အသိပေးပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၂၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က ကျင်ဒွေးမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ အမျိုးသမီး ၁ ဦး နဲ့ အမျိုးသား ၇ ဦး စုစုပေါင်းအရပ်သားပြည်သူ ၈ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်တောင်ပိုင်း ကန်ပက်လက် နဲ့ မင်းတပ်မြို့တို့ကို အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် ထိုး စစ်ဆင်တိုက်ခိုက်နေပြီး လေကြောင်းကနေလည်း နေ့စဉ်ရက်ဆက်အပြင်းအထန်ဗုံကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။




Comments