ကူကီးဘိုးဘွားပိုင်နယ်မြေ ရှမ်းနီဒေသတွင်း ထည့်သွင်းရန်တောင်းဆိုမှု UKSC ကန့်ကွက်
- thevoiceofchinland
- Jun 8
- 1 min read
VOC/ June 8, 2026
ကူကီးလူမျိုးတို့ရဲ့ သမိုင်းဝင် ဘိုးဘွားပိုင်နယ်မြေတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်း တောင်း ဆိုနေမှုအပေါ် ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က ဇွန်လ ၇ ရက်မှာ ကြေညာချက် ထုတ်ပြီး ကန့် ကွက်လိုက်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ (SNA)အဖွဲ့တို့ ဇွန်လ ၄ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအတွင်း ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) တိုင်းရင်း သား တွေနေထိုင်တဲ့ နယ်မြေတွေကို ဥပဒေနဲ့အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ရရှိလိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီဆွေးနွေးမှုမှာ ဟုမ္မလင်း၊ ခန္တီး၊ ကလေးနဲ့ တမူး ဒေသတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးဖို့ ထည့်သွင်းဆွေးနွေးခဲ့တာကိုတွေ့ရှိခဲ့ရပြီး ဒီဒေသတွေဟာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့ကြတဲ့ ကူကီး လူမျိုးတို့ရဲ့ သမိုင်းဝင်ပိုင်ဆိုင်မှုဖြစ်တယ်လို့ ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC)က ဆိုပါတယ်။
ကူကီးလူမျိုးတွေအနေနဲ့ မည်သည့်လူမျိုးစုရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုမျှ ကန့်ကွက်ရန် သဘောထားမရှိပေမယ့် မိမိတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် သမိုင်းဝင်ပိုင်နက်တွေကို တခြားလူမျိုးတစ်မျိုးရဲ့ ပိုင်နက်အောက်ကို အတင်းအဓမ္မ ထည့်သွင်း သိမ်းပိုက် တောင်းဆိုခြင်းကိုတော့ လုံးဝ လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ကိုလိုနီခေတ်အဆက်ဆက် “သွေးခွဲအုပ်ချုပ်ခြင်း” မူဝါဒတွေကြောင့် ကူကီးနယ်မြေတွေ အစိတ်စိတ်အမြွှာမြွှာ ခွဲခြားခံ ခဲ့ရသလို၊ ၁၉၆၇ ခုနှစ်ကလည်း “ခါတော်မီစစ်ဆင်ရေး” ကြောင့် ကူကီးရွာပေါင်း ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူဦးရေ ၂၀,၀၀၀ ကျော် အဓမ္မ ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ သမိုင်းဝင် မတရားမှုတွေ ရှိခဲ့တယ်လို့ ကူကီးပြည်သွေး စည်းညီညွတ်ရေးကောင်စီက ဆိုပါတယ်။
UKSC အနေနဲ့ အိမ်နီးချင်း ရှမ်းနီ၊ နာဂ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ပဋိပက္ခမဖြစ်စေဘဲ “အပြန်အလှန် အသိအမှတ် ပြုရေး” မူဝါဒအတိုင်း ဥပဒေဘောင်အတွင်းကနေ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကူကီးအမျိုးသားပြည်နယ်” ထူထောင် ခွင့်ရရှိရေးကိုပဲ နိုင်ငံရေး နည်းလမ်းနဲ့ ပွင့်လင်းစွာ ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။




Comments