SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါအစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 3, 2026
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံရဲ့ မြို့တော် အိုတာဝါမှာ ကနေဒါနိုင်ငံအစိုးရ၊ လွှတ်တော်တာဝန်ရှိသူတွေနဲ့ ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ကနေဒါနိုင်ငံခြားရေး၀န်ကြီးရဲ့ ပါလီမန်ရေးရာအတွင်းဝန် ရောဘတ်အိုလီဖန့်က ကနေဒါနိုင်ငံအနေနဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော အနာဂတ်ကို ကြိုးပမ်းရာမှာ မြန်မာနိုင်ငံရှိ ပြည်သူတွေနဲ့ အခိုင်အမာ ရပ်တည် လျက် ရှိကြောင်းပြောကြားခဲ့တယ်လို့ SCEF က ဒီကနေ့ဇွန်လ ၃ ရက်နေ့မှာထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိအပြည့်အ၀ ဝင်ရောက်နိုင် ရေးအတွက် တိုက်ပွဲတွေ ချက်ခြင်းရပ်တန့်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့လည်း အလေးပေးပြောကြားခဲ့တယ် လို့ ဆိုပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ကလည်း အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုတွေအပြင် မြန်မာနိုင်ငံ ရဲ့လက်ရှိအခြေအနေတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရက်တစ် မြန်မာနိုင်ငံရဲ့ ပါလီမန် မိတ်ဆွေများ အဖွဲ့ ဦးဆောင်အဖွဲ့ဝင်တွေ ဖြစ် ကြတဲ့ လွှတ်တော်အမတ် ဂါနက်ဂျီးနီယက် နဲ့ အဒမ်ချိန်ဘာတို့နဲ့လည်းတွေ့ဆုံခဲ့ကြပြီး အတူတကွ ပူးပေါင်းဆောင် ရွက်နိုင်မယ့်အချက်တွေ၊ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးနိုင်ရေး၊ အရပ်သားများအပေါ် အကြမ်းဖက်မှုအဆုံး သတ်နိုင်ရေး အတွက် ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် SCEF ကိုယ်စားလှယ်အဖွဲ့ဟာ အိုတာဝါမြို့က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ဆက်လက်တွေ့ဆုံကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကိစ္စ နဲ့ ဖက်ဒရယ်ရေးရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့မှာ SCEF အတွင်းရေးမှုးအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီမှ နဲနယ်ပလို နဲ့ ကရင်အမျိုးသားအစည်းအရုံးမှ စောနီးမရော့ဒ်တို့ ပါဝင်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတအကြံပေးဦးကျော်ဇော်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် SCEF ကိုယ်စားလှယ်အဖွဲ့ဟာ တိုရန်တိုတက္ကသိုလ်က ပါမောက္ခများ၊ သုတေသနပညာရှင်များ နဲ့လည်း တွေ့ဆုံဆွေနွေးခဲ့ကြသလို ကနေဒါနိုင်ငံရှိမြန်မာနွယ်ဖွားတွေနဲ့လည်း တွေ့ဆုံဆွေးနွေးပွဲ (Town Hall Meeting) များလည်းပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကို K3C လို့ခေါ်တဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU) ၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) ၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) တို့က ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။






Comments