RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ခြိမ်းခြောက်
- thevoiceofchinland
- May 29
- 1 min read
VOC/ May 28, 2026
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ရောက်ရှိနေတဲ့နေရာတဝိုက်ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်တစင်းဖြင့် အနီးကပ်ပျံသန်းပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့အဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာမှာ စေတီထီးတော်တင်ပွဲပြုလုပ်အပြီး ထိန်းချုပ် နယ်မြေဒေသအတွင်းက ဒေသခံပြည်သူလူထုနဲ့တွေ့ဆုံရန် ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာသို့ မေလ (၂၆) ရက်နေ့က ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် မေလ (၂၇) ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ နမ့်စန်လေတပ်ကလို့ယူဆရတဲ့ စစ်တပ်ရဲ့ တိုက်လေယာဉ် တစင်းက အဲဒီဝမ့်နန်းရွာအနီးသို့ ခြောက်ကြိမ်တိုင်တိုင် အနီးကပ်ပျံသန်းမှုပြုလုပ်သွားခဲ့တယ်လို့ RCSS ပြန်ကြားရေး ဌာန Tai Freedom က သတင်းထုတ်ပြန်ပါတယ်။
အစပိုင်းမှာ ဝမ့်နန်းကျေးရွာအထက်ဝေဟင်ကနေ ခပ်လှမ်းလှမ်းလှည့်ပတ်ပျံသန်းနေပေမယ့် နောက်ပိုင်းမှာ တဖြည်း ဖြည်းအနီးကပ်ချဉ်းကပ်ပျံသန်းပြီး ခြိမ်းခြောက်မှုလက္ခဏာတွေကိုပြသသွားခဲ့တာလို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ကတော့ လေ့ကျင့်ပျံသန်းမှုဆိုပြီး ပြန်လည်ချေပပြောဆိုချက်တွေကြားသိရပေမယ့် လက်တွေ့မှာ လေ့ကျင့်ပျံသန်းမှုပုံသဏ္ဍာန်လုံးဝမရှိပဲ တမင်သက်သက်ခြိမ်းခြောက်မှုကိုပြသသော စော်ကားပျံသန်းမှုတရပ်မျှ သာဖြစ် တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ယွက်စစ်ဘက်က နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို ထောက်ထားငဲ့ညှာတဲ့အနေဖြင့်လည်းကောင်း၊ မိမိတို့ဘက်က စစ်ရေးပြင်ဆင်မှုမရှိဘဲ လူထုတွေ့ဆုံပွဲသက်သက်သာ ဖြစ်ခြင်းကြောင့်လည်းကောင်း တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရက် ၁၀၀ အတွင်းငြိမ်းချမ်းရေးစီမံချက်ကို တရားဝင်ကမ်းလှမ်းပေ မယ့် ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ မကိုက်ညီတဲ့ ခုလိုလုပ်ရပ်တွေကြောင့် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်နားလည်မှု တွေပါ ထိခိုက်ပျက်စီးနိုင်တယ်လို့ RCSS ဥက္ကဌက ပြောဆိုသွားပါတယ်။







Comments