QUAD နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးကိုလည်း သီးသန့်ထည့်သွင်းဆွေးနွေး
- thevoiceofchinland
- May 27
- 1 min read
VOC/ May 27, 2026
QUAD နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကိုလည်း သီးသန့်ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
QUAD အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ United States၊ Australia၊ India နဲ့ Japan တို့ဟာ ဒေသတွင်း လုံခြုံရေး၊ စီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအခြေအနေအပေါ် စိုးရိမ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
QUAD ရဲ့ ပူးတွဲကြေညာချက်ထဲမှာ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေခြင်းက ဒေသတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနေတယ်လို့ ဖော်ပြထားပြီး အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကို လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်အတွက် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်တစ်ခုနဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ ထိခိုက်ခံရသော အဖွဲ့များအကြား ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။
QUAD အဖွဲ့က မြန်မာအရေးနဲ့ပတ်သက်ပြီး ASEAN ရဲ့ ကြားဝင်ဆောင်ရွက်မှုတွေကို ဆက်လက်ထောက်ခံကြောင်း ပြောဆိုထားသလို မြန်မာနိုင်ငံအကျပ်အတည်းကြောင့် ဒေသတွင်းလုံခြုံရေး ထိခိုက်လာနိုင်ခြင်းနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပိုမိုပြန့်ပွားလာနိုင်တာကိုလည်း စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။
Source - Joint Statement from the Quad Foreign Ministers’ Meeting in New Delhi, U.S Department of State




Comments