NUG လက်အောက်ခံတပ်ဖွဲ့က PLA စခန်းကိုဝင်စီး၊ ဖမ်းဆီးထားတဲ့ ဒလန်လွှဲပြောင်းရန် နဲ့ မြင်းခြံခရိုင်ကနေ PLA တပ်တွေထွက်ခွါခိုင်း
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 22, 2026
အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက် မြင်းခြံခရိုင်ကွက်ကဲရေးအဖွဲ့က ပြည်သူ့လွတ်မြောက်ရေးတပ် မတော် PLA အထိုင်စခန်းကို ဒီကနေ့ဇွန်လ ၂၂ ရက်နေ့မှာဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့တယ်လို့ PLA က သတင်းထုတ် ပြန်ပါတယ်။
မြင်းခြံခရိုင်အတွင်း ကျေးရွာ ၂ ရွာက PLA အထိုင်စခန်းကို မြင်းခြံခရိုင်ကွက်ကဲရေးအဖွဲ့က ဦးဆောင်ကာ Faw ကား ၂ စီး၊ Probox ကားတစ်စီးနဲ့ ခန့်မှန်းအင်အား ၈၀ ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး PLA ကို ကူညီထောက်ပံ့နေတဲ့ ပြည်သူ့ နေအိမ် တွေကို ဝင်ရောက်ရှာဖွေတာ၊ အရပ်သားပြည်သူတချို့ကို ဖမ်းဆီးမေးမြန်းတာ နဲ့ ရဲဘော်တစ်ဦးရဲ့ အမဖြစ်သူကို သေနတ်ဖြင့်ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ PLA ကပြောပါတယ်။
မနေ့ ဇွန်လ ၂၁ ရက်နေ့ကလည်း မြင်းခြံခရိုင်ကွက်ကဲရေးအဖွဲ့က ဦးဆောင်ပြီး အင်အား ၅၀၀ ဝန်းကျင်ဖြင့် တောင်သာ မြို့နယ်က PLA အထိုင်စခန်းကို ဝိုင်းဝန်းပိတ်ဆို့တာ၊ တာဝန်ဖြင့်သွားလာနေတဲ့ ထောက်ပို့ရဲဘော် ၂ ဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင်ကွက်ကဲရေးတာဝန်ခံက ပြည်သူ့လွတ်မြောက်ရေးတပ် မတော် PLA ၊ တောင်သာမြို့နယ်တပ်ဖွဲ့ထံ ဖမ်းဆီးထားတဲ့ ဒလန်များအားလုံးကို သိမ်းဆည်းထားတဲ့ပစ္စည်းများနဲ့အတူ လွှဲပြောင်းပေးရန် နဲ့ မြင်းခြံခရိုင် အတွင်းကနေ PLA တပ်များအားလုံး ထွက်ခွါပေးရမယ်လို့ ဒီကနေ့ ဇွန်လ ၂၂ ရက်မနက်ပိုင်းမှာ ပေးပို့လာတယ်လို့ PLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်သာမြို့နယ်တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးထားတဲ့ ဒလန်းများလွှဲပြောင်းပေးအပ်ခဲ့ တာ ၂ ကြိမ်ရှိပြီဖြစ်ပြီး၊ နောက်ထပ် ဒလန်များလွှဲပြောင်းပေမယ့်အချိန်မှာ ခြိမ်းခြောက်ပြောဆိုခြင်း နဲ့ တပ်အင်အားသုံး ဖိအားပေးတဲ့ အခြေအနေတွေရှိလာခဲ့တာကြောင့် ဒလန်လွှဲပြောင်းမယ့်အခြေအနေမှာ ကြန့်ကြာနေရတာလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရယန္တရားနဲ့ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေတဲ့အချိန်မှာ ခုလိုတပ်စခန်း တွေကို အင်အားအလုံးအရင်းအသုံးပြုကာ ဝင်ရောက်စီးနင်းတာ နဲ့ မြင်းခြံခရိုင်အတွင်းက တပ်ဖွဲ့တွေကို ထွက်ခွါစေ တာဟာ ဘယ်လိုမှလက်ခံနိုင်ဖွယ်မရှိဘူးလို့ PLA ကပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းရန်သာ လိုလားပြီး မိမိတို့ဘက်မှ မည်သည့်အခါမှ ကျည်စဖောက်မည်မဟုတ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ် မတော် PLA က ထုတ်ပြန်ထားပါတယ်။




Comments