KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNLA ရဲဘော် ၄ ဦး နဲ့ ကလေးငယ်တစ်ဦးသေဆုံး
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 22, 2026
ကရင်အမျိုးသားအစည်းအရုံး KNU ၊ တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ထဲမှာ ယနေ့ မနက် ပိုင်းက ကော်သူးလေအာမီ(KTLA) အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (KNLA) တပ်ဖွဲ့ဝင် ၄ ဦး နဲ့ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ယနေ့ဧပြီလ ၂၂ ရက် မနက် ၅ နာရီဝန်းကျင်မှာ ကစယ်ဒိုမြို့နယ်၊ ဖောခလိုးကျေးရွာမှာ စောအယ်ခွီးဦးစီးတဲ့ KTLA တပ်ဖွဲ့က KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ရဲဘော်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ကရင်သတင်းစဉ် KIC က ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ KNLA တပ်ရင်း ၁၂ က ရဲဘော် ၄ ဦး နဲ့ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း ကစယ်ဒိုမြို့နယ်၊ သမီးပေါ်သောကျေးရွာနဲ့ ပျားသားချောင်းကျေးရွာကြားမှာ KTLA တပ်ဖွဲ့ဝင်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNLA ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြိတ်-ထားဝယ်ခရိုင်အတွင်း လှုပ်ရှားနေတဲ့ ဗိုလ်စောအယ်ခွီး ဦးစီးတဲ့ ကော်သူးလေအာမီ KTLA အဖွဲ့ဟာ KNLA တပ်ဖွဲ့ဝင်တွေကို ယခင်ကလည်း မကြခဏချောင်းမြောင်းပစ်ခတ်လေ့ရှိတယ်လို့သိရပါတယ်။
ကော်သူးလေအာမီ လို့ခေါ်တဲ့ KTLA တပ်ဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ကနေ ခွဲထွက်သွားတဲ့ အဖွဲဖြစ်ပြီး ယခင်က KNU လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်နယ်ဒါးမြက ဦးဆောင်တာဖြစ်ပါတယ်။




Comments