Khawpuichhip ရွာ လေကြောင်းတိုက်ခိုက်ခံရမှု ၅ လသားအရွယ်အပါဝင် ကလေးငယ် ၆ ဦး နဲ့ လူကြီးတစ်ဦး စုစုပေါင်း ၇ ဦးသေဆုံး
- thevoiceofchinland
- May 1
- 1 min read
VOC/ May 01, 2026
ချင်းပြည် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ အိန္ဒိယ-မြန်မာနယ်စပ်အနီး Khawpuichhip ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၅ လသားအရွယ် အပါ အဝင် ကလေးငယ် ၆ ဦး နဲ့ လူကြီးတစ်ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ယနေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ Khawpuichhip ကျေးရွာက ဘော်လီဘောကွင်း နဲ့ အနီးနားပတ်ဝန်းကျင်ကို ပေါင် ၅၀၀ ဗုံးဖြင့် ၂ ကြိမ်ဗုံးကြဲခဲ့တာလို့သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂၉ နှစ်အရွယ် Pu Lalnunfela နဲ့ သားနှစ်ယောက် Malsawmmawia အသက် ( ၅ နှစ်)၊ Lalhuapzaua အသက် (၄ နှစ်)၊ Lalrinnunga အသက် (၁၀နှစ်) ၊ Lalhriatkima (အသက် ငါးနှစ်) ၊ Jedidia Lalduhsaka (အသက် သုံးနှစ် ) နဲ့ ၅ လသားအရွယ် Lalrinzuala တို့ သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၉ ယောက်ခန့်ရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်းလည်း ပျက်စီးသွားတယ်လို့သိရပါတယ်။
Khawpuichhip ကျေးရွာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့ နဲ့ မိုင် ၂၀ ခန့်သာကွာဝေး တယ်လိုသိရပါတယ်။
Khawpuichhip ကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေအခြေစိုက်ရာဒေသမဟုတ်သလို မြေပြင်မှာတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက်မှာ ဖလမ်းမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို ချင်းပြည်တောင်ပိုင်းဘက်ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ယခင်ကထက်ပိုမိုပြုလုပ်လာတယ်လို့ သိရပါတယ်။








Comments