top of page

ISP-Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို သူလျှိုလုပ်မှုသံသယဖြင့် တရုတ်ကဖမ်းဆီး

  • Writer: thevoiceofchinland
    thevoiceofchinland
  • 7 days ago
  • 1 min read

VOC/ June 12, 2026


မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်အစိုးရက သူလျှိုလုပ်မှု သံသယဖြင့် ဖမ်းဆီးထားတယ်လို့ ရိုက်တာ သတင်းဌာနဖော်ပြပါတယ်။

မြန်မာ့နိုင်ငံရေး သုတေသနပညာရှင်ဖြစ်တဲ့ ဦးမင်းဇင်ကို သူလျှိုလုပ်မှု နဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ဘေးအန္တရာယ်ပြုစေမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ သံသယဖြင့် သက်ဆိုင်ရာအာဏာပိုင်တွေက ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း အကြောင်း ကြားပြီလို့ သူကဆက်ပြောပါတယ်။

ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့ကို လေကြောင်းဖြင့် ရောက်ရှိလာတဲ့အချိန် ဇွန်လ ၃ ရက်နေ့က ထိန်းသိမ်းခံခဲ့ရတာလို့သိရပါတယ်။

ဦးမင်းဇင်ဟာ ၁၉၈၈ ခုနှစ်မှာဖြစ်ပွားခဲတဲ့ ၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတက္ကသိုလ်၊ University of California, Berkeley မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အထူးပြုလေ့လာနေသူဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ISP-Myanmar လို့ခေါ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ကိုတည်ထောင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးကို လေ့လာစောင့်ကြည့်ရေးသားတင်ဆက်ခဲ့ကြပါတယ်။ ဒါ့အပြင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်မှာလည်း ယောမင်းကြီးဇရပ် စကားဝိုင်းတွေကို ဦးဆောင်ကျင်းပခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာတော့ ပြည်ပနိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့ကြပြီး မြန်မာနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး ပဋိပက္ခအခြေအနေတွေကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ဖြစ်ပါတယ်။


Source- Reuters



 
 
 

Comments


bottom of page